Friday, July 27, 2012

ဘ၀သံသရာကျင်လည်ပုံ



ဗုဒ္ဓသည်လည်းကောင်း၊ ဗြဟ္မဏ၀ါဒီစသည်တို့သည်လည်းကောင်း ဘ၀သံသရာ ကျင်လည်ရသည်ကို လက်ခံယုံကြည်ကြသည်။ သို့ရာတွင် လက်ခံယုံကြည်ပုံခြင်းကား တစ်ဦးနှင့် တစ်ဦး မတူညီကြပေ။ သဿတ၀ါဒီတို့အလိုအရ သံသရာဟူသည် ရုပ်ကိုဖြစ်စေ၊ နာမ်ကိုဖြစ်စေ၊ ရုပ်နာမ်နှစ်ပါးလုံးကိုဖြစ်စေ အနှစ်အမတေကဲ့သို့ ခိုင်မာတည်ရှိသော အတ္တဟုလည်းကောင်း၊ စိတ်ဝိညာဉ်ကို အနှစ်အမတေကဲ့သို့ ခိုင်မာတည်ရှိသော အတ္တဟုလည်းကောင်း၊ အချို့ကမြင်မှု၊ ကြားမှု၊ နံမှုစသည်ကို စီရင်ချက်ပေးနေသောအရာကို အတ္တဟုလည်းကောင်း ယူဆ၍ ယင်းအတ်္တ သည် သေဆုံးပျက်စီးခြင်းမရှိဘဲ အမြဲတည်ရှိလျက် ခန္ဓာကိုယ်တစ်ခုမှ တစ်ခုသို့ တစ်ဘ၀မှ တစ်ဘ၀သို့ ပြောင်းရွေ့ကျင်လည်နေခြင်းဖြစ်သည်။
       တစ်စုံတစ်ယောက်သောသူသည် မိမိရွာမှထွက်၍ အခြားတစ်ရွာသို့ ၀င်သကဲ့သို့ ထို့အတူ အသက်ဇီဝ(အတ္တ)သည် မိမိကိုယ်အတ္တဘောမှ ထွက်၍ အခြားကိုယ်အတ္တဘောသို့ ၀င်၏။ တစ်စုံတစ်ယောက်သောသူသည် မိမိအိမ်မှထွက်၍ အခြားအိမ်သို့ ၀င်သကဲ့သို့ ထို့အတူ အသက် ဇီဝ(အတ္တ)သည် မိမိကိုယ်အတ်္တဘောမှထွက်၍ အခြားကိုယ်အတ္တဘောသို့ ၀င်၏။ ဤသို့ဖြင့် ဗြဟ္မဏ ၀ါဒီတို့သည် အတ္တ၏ ခန္ဓာကိုယ်တစ်ခုမှ တစ်ခုသို့ ဘ၀သစ်တစ်ခုမှ တစ်ခုသို့ ပြောင်းရွေ့ ကျင်လည်နေရသည်ကို ဘ၀သံသရာ ကျင်လည်သည်ဟု လက်ခံယုံကြည်ကြသည်။
       ဗုဒ္ဓတရားတော်အရ ဘ၀သံသရာဟူသည် ခန္ဓာ အာယတန ဓာတ်ဟူသော ရုပ်နာမ်တရား တို့၏ အမြဲမပြတ် ဖြစ်ပျက်နေသော အစဉ်သာဖြစ်သည်။ ဗုဒ္ဓဒေသနာအရ လက်ဖျစ်တစ်တွတ် လျှပ်တစ်ပြတ်ကာလအတွင်း၌ ရုပ်တရားတို့သည် ကုဋေပေါင်း (၅၈၀၀)ကျော်၊ နာမ်တရားတို့သည် ကုဋေပေါင်း (၁)သိန်းကျော် ဖြစ်ပျက်နေသည်။ အ၀ိဇ္ဇာ ဥပါဒါန်စသော အကြောင်းတရားများကို အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ မပယ်သတ်နိုင်သေးသမျှ ပစ္စုပ္ပန်ဘ၀၌ ရုပ်နာမ်တရားတို့ စဉ်ဆက် မပြတ် ဖြစ်ပျက်နေသည့်နည်းတူ အတိတ်ဘ၀ အနာဂတ်ဘ၀တို့၌လည်း ရုပ်နာမ်တရားတို့သည် ဖြစ်ပျက်အစဉ်ဖြင့် များစွာဖြစ်ပျက်နေကြမည်သာဖြစ်သည်။ ယင်းကဲ့သို့ ခန္ဓာ အာယတန ဓာတ် ဟူသော ရုပ်နာမ်တရားတို့၏ စဉ်ဆက်မပြတ် ဖြစ်ပျက်နေသောအစဉ်သည် ဗုဒ္ဓအလိုအရ ဘ၀ သံသရာဖြစ်သည်။

No comments:

Post a Comment