Friday, July 27, 2012

မိလိန္ဒမင်းကြီး၏ ဘ၀သံသရာပြဿနာ



မိလိန္ဒမင်းကြီးသည် ဘ၀သံသရာနှင့် ပတ်သက်၍ ရှင်နာဂသိန်မထေရ်အား အောက်ပါအတိုင်း မေးမြန်းခဲ့ဖူးလေသည်။
       ““အရှင်ဘုရား “သံသရာ၊ သံသရာဟူ၍ ပြောနေကြရာ “သံသရာဟူသည် အဘယ်ပါနည်း””
       ““မင်းကြီး ဤဘ၀၌ မွေးဖွား၍ ဤဘ၀၌ သေ၏။ ဤဘ၀၌ သေ၍ အခြားဘ၀၌ တစ်ဖန်မွေးဖွား ပြန်၏။ တစ်ဖန် ထိုဘ၀၌ မွေးဖွား၍ ထိုဘ၀၌ သေ၏။ ထိုဘ၀၌လည်း သေ၍ အခြားဘ၀၌ ဖြစ်ပြန် မွေးပြန်၏။ ဤသို့ အစအဆုံးမရှိ လှည့်လည်ဖြစ်နေ(မွေးနေ)ရခြင်း၊ သေနေရခြင်းသည် သံသရာမည်ပေ၏။
       ““အရှင်ဘုရား ဥပမာပေး၍ ရှင်းပြတော်မူပါဦး””
       ““မင်းကြီး ဥပမာအားဖြင့် လူတစ်ယောက်သည် သရက်သီးမှည့်တစ်လုံးကို စားပြီး အစေ့ကိုစိုက်၏။ ထိုသရက်စေ့မှ ကြီးစွာသော သရက်ပင် ဖြစ်လာပြီး သရက်သီးများ သီးလေ၏။ ထို့နောက် ထိုသူသည် ထိုသရက်ပင်မှ သရက်သီးမှည့်ကို စားပြီး သရက်စေ့ကို စိုက်ပြန်၏။ ထိုသရက်စေ့မှလည်း တစ်ဖန် ကြီးစွာသော သရက်ပင်ဖြစ်လာပြီး သရက်သီးများ သီးပြန်လေ၏။ ဤသို့လျှင် ထိုသရက်ပင်တို့၏ အစအဆုံးသည် မထင်ပေ။ ထို့အတူပင် သတ္တ၀ါတို့သည် ဘ၀တစ်ခုပြီးတစ်ခု ဆက်ကာဆက်ကာ အစအဆုံးမရှိ လှည့်လည်ဖြစ်နေခြင်း၊ သေနေခြင်းသည် “သံသရာမည်ပေ၏။

No comments:

Post a Comment