Wednesday, July 4, 2012

သိပ္ပံပညာနှင့် ကံစွမ်းအင်သဘောတရား

ဒီနေ့ တက္ကသိုလ်မှာ Buddhist psychotherapy ဘာသာရပ် ပို့ချတာ ကံအကြောင်း ပို့ချသွားတယ်။ ပြန်လည်ကောက်နှုတ်တင်ပြလိုက်တယ်။
    
   လူသားတို့ ပဋိသန္ဓေတစ်ဖန် ပြန်နေခြင်းသဘောတရားတွင် ကံ၏အစွမ်းသတ္တိသည် အဓိကအခန်းကဏ္ဍမှ ပါဝင်၏။ ကံစီမံရာကြောင့် သတ္တ၀ါတို့ အမျိုးမျိုး ကွဲပြားနေရသည်။ ဤဘ၀မှ                            ပြုလုပ်ခဲ့သောကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏ အစွမ်းသည် သေလွန်ပြီးနောက် နောင်ဘ၀တွင် ထိုကုသိုလ်ကံ အကုသိုလ်ကံအားလျှောက်စွာ အကျိုးပေးပေမည်။ လူ့ပြည်၌   ပြုလုပ်ခဲ့သော ကောင်းမှုကံ၏အစွမ်းသည် နတ်ပြည်၌ ဘုံ၊ ဗိမာန်များကို ဖြစ်ပေါ်စေနိုင်သည်။ ကံ၏အစွမ်းဖြင့် နတ်ဘ၀၊ ဗြဟ္မာဘ၀တို့ကိုလည်း ဥပပါတ်ပဋိသန္ဓေဖြင့် ချက်ချင်းဖြစ်ပေါ်စေနိုင်သည်။ ကံစွမ်းအင်များကြောင့် ဘ၀သစ်တစ်ဖန် ဖြစ်ပေါ်လာသည်ဟု ဆိုလျှင် မှားမည်မဟုတ်ပေ။
လူ့ဘ၀စတင်ခြင်းနှင့် ပတ်သက်၍ သိပ္ပံပညာက အဖြေမပေးနိုင်သော အချက်အလက်တို့ များစွာရှိပေသည်။ သိပ္ပံပညာသည် ဖန်ဆင်းရှင်ဝါဒကိုလည်း လက်မခံသကဲ့သို့ ကံစွမ်းအင်၏ သဘောတရားတို့ကိုလည်း နားမလည်နိုင်သေးပေ။ သိပ္ပံပညာ၏ အခြေခံသဘောတရားတွင် ဒြပ်နှင့်စွမ်းအင်ကို ဖန်တီး၍မရ၊ ဖျောက်ဖျက်၍မရ ဟူသော သဘာတရားရှိသည်။ သို့သော်လည်း စွမ်းအင်သည် အသွင်တစ်မျိုးမှ အသွင်တစ်မျိုးသို့ ကူးပြောင်းသွားနိုင်ခြင်းကိုကူ လက်ခံပေသည်။
ထို့ကြောင့် အတိတ်ဘ၀တခုမှ ကံစွမ်းအင်သည် ပစ္စုပ္ပန်ဘ၀ ဖြစ်ပေါ်ရေးကို အထောက်အပံ့ဖြစ်စေနိုင်သည်ဟုဆိုလျှင် ဗုဒ္ဓဘာသာတို့၏ ကံစွမ်းအင်သဘောသည် သိပ္ပံသဘောတရားနှင့် ဆန့်ကျင်မှုမရှိဟု ဆိုနိုင်ပေသည်။ ဗုဒ္ဓတရားတော်တို့သည် ရုပ်ပိုင်းဆိုင်ရာ နာမ်ပိုင်းဆိုင်ရာ သဘောတရားများကို ထုတ်ဖော်ဟောကြားထားသော တရားတော်ဖြစ်သည်။ သိပ္ပံသည်ကား ဒြပ်နှင့်စွမ်းအင်ဆိုင်ရာ သဘောတရားတို့ကို ပေါင်းစုဖော်ပြထားသော ပညာရပ်ဟု ဆိုနိုင်သည်။ ထို့ကြောင့် သဘောတရားချင်းအားဖြင့် တူညီမှုရှိသည်ဟု ယူဆလျှင် မှားမည်မဟုတ်ပေ။ ကံ၏ အစွမ်း ကံ၏အထောက်အပံ့တို့ကြောင့် ခန္ဓာကိုယ်ကို ဖွဲ့စည်းထားသော အင်္ဂါကြီးငယ်များ ဖြစ်ပေါ်လာကြသည်။ သိပ္ပံသည်ကား ကံ၏သဘောတရားတို့ကို အပြည့်အ၀ လက်မခံသေးပေ။
ဘုရားရှင်သည် အကြောင်းတရားများစွာ ပေါင်းစုံညီညွတ်မှသာလျှင် ဘ၀သစ်ပဋိသန္ဓေဖြစ်ပေါ်ခြင်းကို ဟောကြားထားသည်။ တစ်ဘ၀ပြီး တစ်ဘ၀ ဆက်ကာဆက်ကာ ဖြစ်ပျက်နေရသည့်သဘောကို ပဋိစ္စသမုပ္ပါဒ်တရားတော်တွင် အသေးစိပ် ဟောကြားထားသည်။

No comments:

Post a Comment