Friday, June 29, 2012

ဘာသာရေးနှင့် စိပ်ပုတီး


 
စိပ်ပုတီးနှင့် ပတ်သက်သောအကြောင်းကို ပိဋကတ်တော် နိကာယ်ငါးရပ်တို့၌ ဟောပြထားခြင်း မရှိခြေ။ ဗုဒ္ဓဘာသာတို့က ကမ္မဋ္ဌာန်းဘာဝနာ စီးဖြန်းသောအခါ စိပ်ပုတီးကို အကူအညီယူ၍ စီးဖြန်းကြသည်။ ထို့ပြင် ပုတီးစိပ်ခြင်းသည် စိတ်တည်ငြိမ်မှု ရရန်၊ သမာဓိပွားများရန် အားထုတ်သည့် အလုပ်တစ်ခု ဖြစ်ပါသည်။ မြန်မာအဘိဓာန်၌ စိပ်ပုတီးကို…
“လည်၌ဆွဲရန်အတွက် ပစ္စည်းဝတ္ထုများကို သီတွဲကုံးဆက်ထားသည့် အဆင်တန်ဆာ”ဟု ဖွင့်ဆို၍ ပုတီးစိပ်ခြင်းကို “ဘုရားဂုဏ်တော်စသည်တို့ကို ပွားများရာ၌ စိတ်ကို မပျံ့လွင့်စေရန် အများအားဖြင့် တစ်ရာ့ရှစ်လုံးရှိသော ပုတီးဖြင့် တစ်လုံးချင်း မှတ်သားတွက်ချသည်”ဟု ဖွင့်ဆိုထားသည်။
        ပုတီးစိပ်ခြင်းသည် ဗုဒ္ဓဘာသာ၌သာမကဘဲ အခြားသော ဘာသာများတွင်လည်း ရှိသည်။ ဟိန္ဒူတို့သည် ဂါထာမန္တန်ရွတ်ဖန်၍ ပုတီးစိပ်ကြသည်။ ဗုဒ္ဓဘာသာတို့ကမူ ဂုဏ်တော်ရွတ်ပွား၍လည်းကောင်း၊ အာရုံပြု၍လည်းကောင်း ပုတီးစိပ်ကြသည်။ ပုတီးစိပ်၍ ဂုဏ်တော်ပွားခြင်း၊ လက္ခဏာရေးစသော တရားတို့ကို ပွားများခြင်းတို့သည် ကောင်းမြတ်မှန်ကန်သော အလုပ်ပင်ဖြစ်ပေသည်။
        ပုတီးကို ရှေးခေတ်က တရုတ်နှင့် ပီရူးနိုင်ငံများတွင် ချည်ကြိုးဖြင့် အထုံးပြုလုပ်ပြီး မှတ်တမ်းမှတ်ရာ သဘောအဖြစ် အသုံးပြုခဲ့သည်။ တဖန် ဟိန္ဒူ၊ ဂျိန်း စသော ဘာသာခြားတို့ကလည်း သစ်စေ့၊ ၀ါးစေ့၊ ဖန်၊ ကျောက် စသည်တို့ဖြင့် ပုတီးပြုလုပ်ကာ အသုံးပြုခဲ့ကြသည်။ ဂိုဏ်းသမားတို့ကမူ ဂိုဏ်းသုံးပစ္စည်းအဖြစ် အသုံးချကြ၏။ မြန်မာနိုင်ငံတွင် အဆင်တန်ဆာပုတီးကို ပုဂံခေတ် မတိုင်မီ ပျူခေတ်ကပင် တွင်ကျယ်စွာ သုံးစွဲနေကြ၏။ ဘာသာရေးအသုံးအဆောင် ပုတီးကိုကား နှောင်းခေတ်ရောက်မှ သုံးစွဲကြခြင်းဖြစ်သည်။ ထိုဘာသာရေးအသုံးအဆောင် စိပ်ပုတီးကို ဟိန္ဒူတို့ထံမှ နည်းယူ၍ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
        ပုဂံခေတ် အပါယ်ရတနာ လှိုင်ဂူဘုရားအတွင်း၌ တွေ့ရသော နံရံဆေးရေး ပန်းချီကားတွင် ဟိန္ဒူရသေ့ကြီးများဟု ယူဆရသော ရသေ့ကြီးများနှင့် တိတ္ထိကြီးများသည် စိပ်ပုတီးများကို ကိုင်ဆောင်ထားကြသည်ကို တွေ့ရသည်။ စိပ်ပုတီးကိုင်၍ မန္တန်ရွတ်ဆိုနေဟန်ရှိ၏။ အင်းဝခေတ်တွင် ဗုဒ္ဓဘာသာဝင်တို့ စိပ်ပုတီးကို ပို၍ အသုံးပြုလာကြသည်။ အင်းဝခေတ် ရာဇာဓိရာဇ်နှင့် စာကြိုသူမြတ်တို့ တွေ့ဆုံပွဲတွင် သီတင်းသည် သုံးရာတို့က စိပ်ပုတီးကိုယ်စီဖြင့် လိုက်ပါရကြောင်း သမိုင်း၌တွေ့ရသည်။
        ယနေ့ခေတ်တွင် စိပ်ပုတီးနှင့် ပတ်သက်၍ ယုံကြည်မှုထွေပြားလာသည်ကို တွေ့ရသည်။ နာမ်သားပုတီး၊ ဂြိုဟ်တိုင်ပုတီး၊ ဓာတ်သားပုတီး၊ ပန်းပေါင်းပုတီး၊ ဂမုန်းပုတီးစသည့်ဖြင့် မိမိတို့ စိတ်ကူးပေါ်ရာ တီထွင်၍ အသုံးပြုလာကြသည်။ ပုတီးကို ရေစိမ်သောက်လျှင် ရောဂါပျောက်ကင်းသည်စသည်ဖြင့်လည်း ယုံကြည်လာကြသည်။ အချို့သောပုဂ္ဂိုလ်တို့ကမူ ပုတီးခေါင်းမှ ကြိုးအဖျားကိုကိုင်ကာ အသက်ဝင်လာသယောင် တောင်ရမ်းမြောက်ရမ်းလုပ်ပြီး ဟောကိန်းထုတ်ကြသည်။ ဘိုးဘိုးအောင် ဘိုးမင်းခေါင်စသော ဘိုးတော်ပုံတို့ကို စိပ်ပုတီးနှင့်အတူ ထုလုပ်ရေးဆွဲကြသည်။ မည်သို့ပင်ဖြစ်စေ ကုသိုလ်ပွားရန် သမာဓိရရန်အတွက် ကြိယာတန်ဆာဖြစ်သော စိပ်ပုတီးကို လောဘအတ္တနှင့် ယှဉ်၍အသုံးချခြင်းသည်ကား မသင့်လျှော်ပေ။

                                        (မန်း..သာသနာ့တက္ကသိုလ်တုန်းက ပို့ချချက်)

Wednesday, June 6, 2012

ချင်းတောင်တန်းမှသည် လင်္ကာဆီသို့


 (၁)
လင်္ကာမြေကို ရောက်တာ ဒုတိယနေ့။ လင်္ကာမိုးကလဲ တဖွဲဖွဲရွာနေသည်။ မနေ့ညကပဲ ဘန်ကောက်လေဆိပ်မှ စီးနင်းလိုက်ပါလာတဲ့ sri lanka airline နဲ့ ည(၁)နာရီမှာ လင်္ကာမြေသို့ ခြေချလိုက်သည်။ လင်္ကာမြေသို့ တကယ်ရောက်ခဲ့ပြီပေါ့။
သီဟိုဠ်ကျွန်းလို့ခေါ်တဲ့  သီရိလင်္ကာနိုင်ငံကို ကျွန်ုပ်အဖို့ (၁၄)နှစ်သားလောက်ကပင် အတော်ရင်းနှီးခဲ့တဲ့ နာမည်လေးတစ်ခုပါ။ လင်္ကာနဲ့ပတ်သက်လို့ ငယ်စဉ်စာသင်သားဘ၀ကပင် ကြားဖူးနားဝရှိနေခဲ့တာက သီဟိုဠ်ကျွန်း၊ အနုရာဓပူရ၊ ရှင်မဟိန္ဒ၊ ဒေ၀ါနံပိယတိဿမင်း၊ မရီစိဝဋ္ဋလို့ခေါ်တဲ့ ငြုပ်သီးတောင့်စေတီအကြောင်းတွေနဲ့ စုံလို့ပေါ့။ မန္တလေးစာသင်သားငယ်ဘ၀မှာ စတင်ထိတွေ့လိုက်ရတဲ့ စာအုပ်က သဂြိုဟ်လို့ခေါ်တဲ့ အဘိဓမ္မတ္ထသင်္ဂဟစာအုပ်။ စာအုပ်ကိုရေးသူက သီရိလင်္ကာနိုင်ငံသား အရှင်အနုရုဒ္ဓါမထေရ်။ အဲဒီကတည်းက နာမည်သာကြားဖူးနေခဲ့တာ ဘယ်ဆီဘယ်မှန်း မသိခဲ့ပေ။ မန္တလေးသာသနာ့တက္ကသိုလ်ရောက်ပြီး တတိယနှစ်မှာ လင်္ကာရဲ့ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေးအကြောင်းတွေနှင့်အတူ ကမ္ဘာကျော်စာအုပ်ဖြစ်တဲ့ “What the Buddha taught” ကို သင်ရတဲ့အခါ လင်္ကာကို သွားချင်စိတ် တဖွားဖွားဖြစ်ခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ချစ်ဦးညိုရဲ့ “လင်္ကာဒီပချစ်သူ” ၀တ္ထုကလည်း တွန်းအားတစ်ခု ဖြစ်စေခဲ့သည်။
ဒီလို…ဒီလိုနဲ့..
ချင်းတောင်တန်းတာဝန်တွေလဲပြီးဆုံးလို့ ဘွဲ့နှင်းသဘင်လဲပြီးဆုံးခဲ့ပြီ။ လင်္ကာရောက်နေတဲ့ သူငယ်ချင်းတွေက နိုင်ငံတကာပညာရေးကို ခြေဆန့်ဖို့ တိုက်တွန်းအားပေးတာကြောင့် လင်္ကာကို သွားဖို့ ဆုံးဖြတ်ခဲ့သည်။ မန္တလေးသာသနာ့တက္ကသိုလ် ဘွဲ့နှင်းသဘင်ပြီးတော့ ပတ်စ်ပို့၊ ဗီဇာကိစ္စတွေလုပ်ပြီး လင်္ကာမြေသို့ ထွက်လာခဲ့သည်။
လင်္ကာကိုရောက်တယ်ဆိုရင်ပဲ ဗုဒ္ဓဘာသာအငွေ့အသက်တွေနှင့် ပါဠိရနံ့တွေက မွေးကြိုင်နေသည်။ ကိုလံဘိုလေဆိပ်ရောက်တော့ immigration မှာ တာဝန်ကျနေတဲ့ လ.၀.က ၀န်ထမ်းလေးက “Bhante, please come here.(ဘန္တေ ရှေ့ကို ကြွပါ”)တဲ့။ “ဘန္တေ”ဆိုတဲ့ ပါဠိသံကြားရတော့ နည်းနည်းတော့ အံ့သြမိသွားတယ်။ ကိုလံဘိုမြန်မာကျောင်း ရောက်ပြန်တော့ ကြားနေရတဲ့ လူနာမည်တွေက ကုမာရ၊ စူဠ၊ ကောသလ၊ နန္ဒာသီရိ၊ တဏှင်္ကရ။ တွေ့နေရတဲ့ လမ်းနာမည်တွေက အမရဒါန၊ ပိပ္ပလိယာန၊ နုဂေဂေါဒ၊ ဒေမတဂေါဒ။ ပါဠိရနံ့တွေ ထုံမွမ်းနေတာ တွေ့ရတော့ အားရကျေနပ်မိသည်။ ဒါလေးတွေဟာ လင်္ကာမှာ ဘယ်လောက် ဗုဒ္ဓဘာသာ ထွန်းကားခဲ့တယ်။ ထွန်းကားနေဆဲဆိုတဲ့ သက်သေပြချက်တွေပဲ ဖြစ်တယ်။
လင်္ကာသည် စတုတ္ထသင်္ဂါယနာခေတ် (သာသနာနှစ်၄၅၀၊ဘီစီ၉၄)မှ ယနေ့ခေတ်တိုင်အောင် ထေရ၀ါဒဗုဒ္ဓသာသနာအတွက် အားကိုးအားထားလောက်သည့် နိုင်ငံဖြစ်ခဲ့သည်။ ပါဠိခေတ်တုန်းကလဲ ပါဠိခေတ်မို့ အဋ္ဌကထာ၊ ဋီကာကျမ်းများကို လက်စွမ်းပြ ရေးသားခဲ့ကြသည်။ နှစ်ဆယ့်တစ်ရာစု Globalization ခေတ် ရောက်ပြန်တော့လဲ အင်္ဂလိပ်ဘာသာဖြင့် ဗုဒ္ဓဘာသာစာအုပ်များကို ရေးသားခဲ့ပြန်သည်။ ကိုလံဘိုမြို့တော်ရှိ BCC(Buddhist Cultural Centre) စာအုပ်ဆိုင်သည် ဗုဒ္ဓဘာသာ အကြောင်းအရာများကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော နာမည်ကြီးစာအုပ်များရောင်းသည့် အစုံလင်ဆုံး စာအုပ်ဆိုင်တစ်ဆိုင်ဖြစ်သည်ဟု ပြောစမှတ်ရှိသည်။ (BCC)စာအုပ်ဆိုင်မှာ တင်ထားသော စာအုပ်များသည် လင်္ကာသားများ အင်္ဂလိပ်လို လက်စွမ်းပြထားတဲ့ စာအုပ်တွေက နေရာယူထားသည်။ နေရာတိုင်းမှာတော့ အားနည်းချက် အားသာချက်တွေ တွေ့ရစမြဲပင်။ အမိမြေ၏ စာသင်တိုက်တွေမှာ စာသင်သားများနှင့် စာကျက်သံတွေ ကြားနေရချိန်မှာ လင်္ကာမြေရဲ့ စာသင်တိုက်တွေမှာ သံဃာ အပါးငါးဆယ်ပြည့်တဲ့ကျောင်း မရှိသလောက်ပင် ရှားနေသည်။ အမိမြေမှာ ရဟန်းတော်အရေတွက် သိန်းနဲ့ချီရှိသော်လည်း လင်္ကာမှာတော့ နှစ်သောင်း၊သုံးသောင်းဝန်းကျင်မျှသာ ရှိသည်။ ဆွမ်းခံထွက်ခြင်းဓလေ့တွေ ပျောက်ဆုံးနေသည်။ ဆွမ်းခံထွက်ရတာ ရှက်စရာလို့ ထင်နေတဲ့ လင်္ကာရဟန်းအချို့ကို တွေ့ရတော့ စိတ်မကောင်းဖြစ်မိသည်။
 (၂)
ကိုလံဘိုမြို့ရဲ့ ကောင်းကင်ထက်မှာ တစ်ခြမ်းပဲ့လ သာနေတဲ့ညတစ်ည။ ကောင်းကင်တစ်ခုလုံး ကြည်လင်ဝင်းပနေသည်။ အဆောင်အပေါ်ထပ် လသာဆောင်မှာ တယောက်တည်း ကိုလံဘိုမြို့တော်ရဲ့ ညအလှကို ငေးမောရင်း အတွေးနယ်ချဲ့နေသည်။ သီရိလင်္ကာ ကေလနိယတက္ကသိုလ်၏ ဓလေ့ထုံးစံအရ တက္ကသိုလ်မှ နေရေးထိုင်ရေး ကိစ္စတာဝန်မယူ။ ဒါကြောင့် အနီးဆုံး အဆောင်တလုံးမှာ ငှားနေလိုက်သည်။ ရပ်ကွက်ထဲမှာ အမြင့်ဆုံးအဆောက်အဦးဖြစ်လို့ ကိုလံဘိုမြို့ကြီးကို အထက်စီးကနေ ကြည့်ပြီး ဒီလိုညမျိုးမှာ အတွေးနယ်ချဲ့ရတာ အရသာ ရှိလှသည်။ လမင်းနှင့်အတူကြယ်တာရာတို့ကလည်း ဧည့်ခံကောင်းလို့ အတွေးကို တောင်ပံတပ်ပြီး ရွက်လွင့်ပစ်လိုက်သည်။ အတွေးထဲ ၀င်ရောက်နေရာယူလိုက်တာက ၂၀၀၉-၁၀နှစ်များဆီက သွားရောက်သာသနာပြုကျခဲ့တဲ့ ချင်းတောင်တန်းပုံရိပ်တွေ။ မန္တလေး သာသနာ့တက္ကသိုလ် ကျမ်းပြုပြီး တောင်တန်းသာသနာပြုထွက်ခဲ့ရတဲ့ ချင်းတောင်တန်းသာသနာပြုဘ၀လေးဟာ ကျွန်ုပ်အတွက် တွေးလေတွေးလေ ငတ်မပြေတဲ့ အတွေ့အကြုံလေးတွေပါ။ ချင်းတောင်တန်းမှာ နှစ်နှစ်တာ နေခဲ့ရတဲ့ အချိန်တွေဟာ ဘ၀အတွက် မမေ့နိုင်စရာ မှတ်တိုင်တစ်ခုလို့ပြောရင် မမှားနိုင်ပါဘူး။ local ဆန်တဲ့ ချင်းတောင်တန်းမှ global ဆန်တဲ့ လင်္ကာမြေကို ရောက်ခဲ့သော်လည်း တောင်ဇလပ်မြေမှ သွေးချင်းတို့ရဲ့ ခင်မင်ရိုးသားမှုနှင့် ရိုးရာဓလေ့ဟာ ရင်ထဲမှာ နေရာယူထားဆဲပါ။ Local ပဲဖြစ်ဖြစ် Global ပဲဖြစ်ဖြစ် ကိုယ်ထင် ကုဋင်ရွှေနန်းလို့ ပြောခဲ့ဖူးတဲ့ ချင်းတိုင်းရင်းသားကြီး လျန်စန်းပေါင်ကို မဆီမဆိုင်ဘဲ သတိတချက် ရမိလိုက်သည်။
        သာသနာ့တက္ကသိုလ် ပညာရေးမူအရ စာသင်နှစ်(သို့)ကျမ်းပြုနှစ်ပြီးလျှင် သာသနာပြုရဟန်းတော်တစ်ပါးအဖြစ် နယ်စပ်နှင့်တောင်တန်းဒေသမှာ(၂)နှစ် တာဝန် ထမ်းဆောင်ပေးရန် သတ်မှတ်ချက်ရှိသည်။ ကျွန်ုပ်တာဝန်ကျခဲ့တာက ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံဆိုတဲ့ အလွန်ဝေးလံခေါင်သီသော တောင်ပေါ်မြို့ငယ်လေး။ မြို့ဆိုသော်လည်း အိမ်ခြေ ခြောက်ရာခန့်သာ ရှိတဲ့ တောင်ပေါ်မြို့လေးပါ။
မှတ်မိနေသေးသည်။ မန္တလေး၊ သာသနာ့တက္ကသိုလ် အောင်စာရင်းတွေထွက်တော့ ဘ၀တူ ရွှေသူငယ်ချင်းတွေက တောင်တန်းမျက်နှာစာကို ထွက်ရမှာ စိုးကြောက်နေကြသည်။ ကျွန်ုပ်ကတော့ စာတွေ့ဘ၀မှ လက်တွေ့ဘ၀ စာမျက်နှာများကို ဖွင့်ရမှာ ပျော်ရွှင်နေမိသည်။ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ (၁၆)ရက်နေ့။ မန္တလေးကနေ ချင်းတောင်တန်းဆီသို့ ချီတက်ခဲ့ကြသည်။ မန္တလေးကနေ ကလေးမြို့ထိ သူငယ်ချင်းတစုနှင့်အတူ တပျော်တပါး ထွက်ခဲ့သော်လည်း ကလေးမြို့ရောက်တော့ ဟားခါး၊ ဖလမ်း ၊ တီးတိန်၊ တမူး ကိုယ်စီကိုယ်စီ ကိုယ့်နေရာကို လမ်းခွဲသွားကြသည်။ ကျွန်ုပ်သွားရမှာက ချင်းတောင်ပေါ်က တွန်းဇံမြို့။ လက်ပြနှုတ်ဆက်ပြီး မှန်လုံးကားပေါ် တက်လိုက်ခဲ့သည်။ ကားပေါ်ရောက်တယ်ဆိုရင်ပဲ ဗမာစကားသံမကြားရတော့။ သွေးချင်းတို့ရဲ့ ချင်းစကားသံလေးတွေက နေရာယူထားလိုက်သည်။ တွန်းဇံသွားမယ့်ကားဆိုလို့သာ လိုက်ခဲ့ရတာ တကယ်တော့ တွန်းဇံဆိုတာ ဘယ်ဆီဘယ်မှန်း မသိခဲ့ပေ။
ဒီလိုနဲ့ မနက်(၆)နာရီစထွက်တဲ့ ကားလေးဟာ တောတောင်အထပ်ထပ်ကို ကျော်ဖြတ်ပြီး တအိအိနဲ့ တက်နေသည်။ ကျွန်ုပ်တို့စီးလာတဲ့ မှန်လုံကားလေးက ကုန်အပြည့်လူအပြည့်နဲ့ ပျင်းရိဖင့်နွဲစွာ တစ်တောဝင် တစ်တောင်တက်ပြီး ချင်းတောင်တန်းကြီးကို အံတုနေသည်။  ကားလမ်းကြည့်လိုက်တော့လည်း ကတ္တရာဆိုတာ နည်းနည်း။ ကျောက်ကြမ်းလမ်းအတိသာ။ သူငယ်ချင်းတွေပြောခဲ့ဖူးသော ကတ္တရာမဟုတ်တဲ့ ကတ်တစ်ဆယ်လမ်းဆိုတာ ဒါမျိုးလမ်း နေမှာပေါ့ဆိုပြီး စိတ်ထဲမှာ တွေးမိလိုက်သေးတယ်။ တစ်ဖက်က ချောက်၊ တဖက်က ကမ်းပါး အတော်ကြောက်စရာ ကောင်းလှသည်။ ကားတခုခုဖြစ်ပြီး ချောက်ထဲကျသွားလျှင် ကားရောလူရော အတော်ပင် ရှာယူရမည်ပင်။ တွေးပြီးကြောက်နေသော်လည်း ညနေ ၄ နာရီထိ မြို့ကို အစအန မမြင်ရသေးပေ။ မှောင်စပျိုးချိန်မှာတော့ ခရီးသည်များ လှုပ်လှုပ်ရွရွဖြစ်လာသည်။ “တွန်းဇံမြို့မှ လှိုက်လှဲစွာ ကြိုဆိုပါ၏”ဆိုတဲ့ ဆိုင်းဘုတ်မြင်တော့ ပျော်ရွှင်သွားသည်။ ကားဂိတ်ရောက်သောအခါ စီနီယာရဟန်းတပါးက လာကြိုတော့ ညှိုးငယ်နေတဲ့မျက်နှာလေး ၀င်းပသွားသည်။
ရောက်ခဲ့ပါပြီ ချင်းဌာနီ။ တခြားဒေသများနှင့်စာလျင် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသော ချင်းတောင်တန်း(မြောက်ပိုင်း)မှ သွေးချင်းတို့၏ဘ၀သည် ဗုဒ္ဓအဆုံးအမသာသနာဆိုတာ မရှိသေး။ မြေပြန့်ယဉ်ကျေးမှုတွေနဲ့ ဝေးကွာနေသေးသည်။ ရွှေမန်းမြို့မှာ ရဟန်းတော်တွေ ထောင်နှင့်သောင်းနှင့် ရှိနေသော်လည်း တွန်းဇံမြို့မှာ ကံဆောင်နိုင်လောက်အောင် ရဟန်းအရေအတွက် မရှိ။ တစ်မြို့နယ်လုံးမှ သုံးပါးသာ ရှိသည်။
ရောက်ပြီးနောက်ရက် ဒီဇင်ဘာဆောင်းမနက်ခင်းက ကြိုဆိုနေသည်။ အရိုးကွဲမတတ် အေးတဲ့ ချင်းတောင်တန်း ဆောင်းရာသီကို အံတုနေရသည်။  ပေလေးထောင်ကျော် အမြင့်ဆောင်တဲ့ ချင်းတောင်တန်းပေါ်က ဆောင်းမနက်ခင်းတွေဟာ မြေပြန့်သားတွေကို ရက်စက်လွန်းရာ ကျနေသည်။ မျက်နှာသစ်ဖို့ အရေးပင် တွေးကြောက်နေရတဲ့ ဆောင်းမနက်ခင်း။ ဘယ်ကိုပဲကြည့်ကြည့် တောင်ခိုး တောင်ငွေ့တွေနဲ့ အလွန်လှနေတဲ့ ချင်းတောင်တန်း ခုတော့ ကျွန်ုပ် လက်တွေ့ ရောက်နေခဲ့ပြီလေ။ ဘယ်တုန်းကမှ ဒီလိုနေရာမျိုးမှာ နေရလိမ့်မယ်လို့ မတွေးမိခဲ့ဘူး။  ရောက်တယ်ဆိုရင်ပဲ ကလေးတွေကို စာသင်ပေးရသည်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းက (၄)တန်းထိရှိတော့ စတုတ္ထတန်းကို တာဝန်ယူသင်ပေးရသည်။ ခေါင်းစဉ်ကတော့ သာသနာပြုတဲ့။ လက်တွေ့မှာတော့ ကိုယ့်လူ သူ့ထဲ ပါမသွားအောင် မနည်းလုပ်နေရသည်။ ကျောင်းတက်လာတဲ့ ကလေးတွေ ဘုန်းကြီးကျောင်းမှာတော့ ဗုဒ္ဓဘာသာအမည်ခံထားပေမယ့် အိမ်ပြန်ရောက်တော့ မူရင်းဘာသာပါပဲ။ အကောင်းဘက်က တွေးကြည့်ပြန်တော့လဲ ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် နီးစပ်အောင် သင်ပြနိုင်ခဲ့တာကိုပဲ ၀မ်းသာနေရသည်။ အရင်ကဆို ဘုန်းကြီးရဟန်းမြင်လျင် မကောင်းဆိုးဝါး(စေတန်)လို့ ထင်နေကြပေမယ့် ခုတော့ ငါတို့ရန်သူမဟုတ် ငါတို့ဒေသကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးမယ့်သူတွေပဲဟု မြင်လာကြခြင်းသည်ပင် တိုးတက်မှု တစ်ခုဖြစ်သည်။ ဘာပဲဖြစ်ဖြစ်လေ သွေးချင်းတို့ဆီမှာ ကလေးတွေ စာသင်လိုက်၊  တာဝန်ကိုယ်စီနှင့်ရောက်နေကြတဲ့ ဗုဒ္ဓဘာသာဝန်ထမ်းတွေကို တရားဟောလိုက်နှင့် ချင်းတောင်မှာ ပျော်ရွှင်လာသည်။ မှတ်မိနေသေးသည်။ အိန္ဒိယနှင့် မြန်မာနယ်စပ်က ကျီခါးဆိုတဲ့ မြို့လေးမှာ ဘုရားထီးတင်တဲ့ အတွေ့အကြုံလေး။ ဗုဒ္ဓဘာသာ ၀န်ထမ်းဦးရေ ၅၀ ကျော်လောက်နဲ့ သာသနာပြု ရဟန်းတော် (၅) ပါး စုပေါင်း လုပ်ဆောင်တဲ့ပွဲလေး အောင်မြင်သွားတော့ အရမ်းပျော်ရွှင်နေမိသည်။ ထီးတင်ပွဲကို လာကြည့်တဲ့ ဒေသခံတွေကို ထမင်းကျွေး၊ ပိုက်ဆံကြဲတော့ သူတို့တွေ ပျော်လိုက်တဲ့ဖြစ်ခြင်း ခုထိ မြင်ယောင်နေသေးသည်။ အားလုံးဟာ လူငယ်တွေချည်းမို့ အတွေ့အကြုံမရှိဘဲ ဖြစ်မြောက်အောင် လုပ်သွားနိုင်ခဲ့ခြင်းသည်ပင် ဂုဏ်ယူစရာ ဖြစ်နေသည်။ နောက်အတွေ့အကြုံလေးတစ်ခုက တီးတိန်မြို့နယ် ဗန်းတဲ့ဆိုတဲ့ ရွာလေးမှာ ပထမဦးဆုံး ရှင်အပါးငါးဆယ် ရှင်ပြုပွဲ။ လမ်းခရီးက အင်မတန်ကြမ်းသည်။ အသက်နှင့်ရင်းပြီး သွားခဲ့ရပေမယ့် အောင်မြင်သွားတော့လဲ ကျေနပ်သွားခဲ့ပြန်သည်။ မြေပြန့်ရဲ့ဓလေ့အတိုင်း မောင်ရင်လောင်းဆင်၊ ရှင်းလောင်းလှည့်တော့ တစ်ရွာလုံး အံ့သြဘနန်း ဖြစ်နေကြတယ်။ တခါမှ မမြင်ဖူးတဲ့ ဒီမြင်ကွင်းမျိုးကို ပထမဆုံးမြင်ရတော့ ထူးဆန်းနေကြပြန်သည်။
တဖြည်းဖြည်းနဲ့ တောင်ဇလပ်မြေမှာ ပျော်ရွှင်လာသည်။ ဘာသာခြားတွေဖြစ်ပေမယ့် သွေးချင်းတို့နဲ့ အတော်လေးခင်မင်မှု ရလာသည်။ ချင်းတောင်တန်းကို ရောက်တော့ အတ္တမာနတွေကို ခ၀ါချထားပြီး အဖြူရောင်နှလုံးသားနှင့် ဆက်ဆံကြတဲ့ မြေပြန့်က ဘ၀တူဝန်ထမ်းများကို လေးစားချစ်ခင်စိတ်တွေ ဖြစ်လာသည်။ ညီရင်းအစ်ကို မောင်ရင်းနှမကဲ့သို့ နေထိုင်စားသောက်မှုလေးတွေဟာလည်း တောင်ပေါ်ဒေသရဲ့ ချစ်စရာ ဓလေ့တစ်ခုပါ။ ငါကတော့ မ.ယ.က။ ငါကတော့ လ.၀.က။ ငါကတော့ ကျောင်းအုပ်ကြီး၊ ငါက ဆရာဝန်ကြီးကွဆိုပြီး မာန်မာနမထားဘဲ လူသားဆန်တဲ့ အပြုအမူလေးတွေကလဲ တကယ့်ကို မမေ့နိုင်စရာပါ။ နေ့ရက်တွေဟာ ကြာလာတော့ ကလေးတွေအပေါ်မှာ သံယောဇဉ်တွေ ချည်နှောင်မိလာသည်။ သံယောဇဉ်ဆိုတာ ဖြတ်ရခက်တဲ့ ကြိုးတစ်ချောင်းဆိုတာ သဘောပေါက်လာတယ်။ ဘာသာချင်းမတူပေမယ့် ပေါင်းသင်းရတာ အဆင်ပြေလာသည်။ ချင်းအဘိုးတယောက် အန်ထွက်လာတဲ့စကားတစ်ခွန်း ဒီနေ့အထိ ရင်ထဲမှာ စွဲကျန်နေသေးသည်။ “ရှေးခေတ်ရှင်ဘုရင်တွေက ချင်းတောင်တန်းသွေးချင်းများကို ဗုဒ္ဓဘာသာဖြစ်အောင် ဘာလို့ မလုပ်ခဲ့ရတာလဲ။ အမှန်ဆိုရင် ငါတို့လဲပဲ မြေပြန့်သားတွေနဲ့အတူတူ ဗုဒ္ဓဘာသာဖြစ်ရမှာ။ ခုတော့ အင်္ဂလိပ်လက်ထက်က သာသနာပြုတွေကြောင့် ငါတို့ ဘာသာခြား ဖြစ်နေရတယ်’’တဲ့။ အမှန်ဆိုရင် သူတို့လဲ ဗုဒ္ဓဘာသာအပေါ် သံယောဇဉ်ရှိကြသည်။ တချို့ဆိုရင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းကို ၀င်ထွက်သွားလာပြီး ခင်ခင်မင်မင် နေချင်ပေမယ့် ပတ်ဝန်းကျင်အသိုင်းဝိုင်းကို မလွန်ဆန်နိုင်လို့ ဘ၀ကို ဒီတိုင်းခရီးဆက်နေရသည်။
ရက်ကို လစား လကို နှစ်စားနဲ့ ချင်းတောင်ကို ရောက်တာ နှစ်နှစ်ပြည့်တော့မယ်။ တာဝန်တွေပြီးတော့ ချင်းတောင်ကို လက်ပြနှုတ်ဆက်ရမယ့်အချိန်တွေက နီးလာပြီ။ နှစ်နှစ်ဆိုတဲ့ အတောအတွင်းမှာ ခင်မင်မှုတွေ ရင်းနှီးမှုတွေဟာ အတော်ခိုင်မာခဲ့လေပြီ။ အားလုံးက မပြန်စေချင်တော့ဘူး။ ဆက်လက်နေစေချင်သည်။ သို့သော် ဘ၀ကို ဆက်လက် ပုံဖော်ချင်သေးသော ကျွန်ုပ် ချင်းတောင်တန်းကို နှုတ်ဆက်ခွင့် တောင်းခဲ့သည်။
မနက်ဖြန် သီတင်းကျွတ်လပြည့်ကျော် (၅)ရက်။ ပြန်ရမှာမို့ ဒီနေ့ နှုတ်ဆက်ပွဲလေး ကျင်းပလိုက်သည်။ သွေးချင်းတို့နှင့်အတူ မြေပြန့်မှ တာဝန်ကျနေတဲ့ ၀န်ထမ်းတွေ၊ ဆရာ၊ဆရာမတွေ ကျောင်းသူ၊ကျောင်းသားတွေ နှုတ်ဆက်ပွဲလေးကို အတူ တက်ရောက်ခဲ့သော်လည်း မျက်နှာမှာ အပြုံးစတွေ ပျောက်ကွယ်နေသည်။ ၀မ်းနည်းခြင်းများစွာနဲ့ တောင်ပေါ်ကျောင်းလေးကို တက်လာကြသည်။ မနက်ဖြန်ပြန်ရတော့မှာမို့ အားလုံးကို နှုတ်ဆက်တဲ့အကြောင်း ပြောတော့ ကျွန်ုပ်ကိုယ်တိုင်ပင် ငိုသံပါကြီးနဲ့ ပြောနေမိသည်။ အော်…ချစ်သောသူနဲ့ ခွဲခွါရခြင်းသည်လည်းဒုက္ခပေတကား။
 သီတင်းကျွတ်လပြည့်ကျော်(၅)ရက် ချင်းတောင်တန်းကို လက်ပြနှုတ်ဆက်ရမယ့်နေ့။ ချင်းတောင်တန်းမိုးကလည်း ဒီနေ့ကျမှ သည်းသည်းမဲမဲ ရွာနေသည်။ မိုးရေထဲမှာ ထီးကိုယ်စီနဲ့ လိုက်ပို့နှုတ်ဆက်သူတွေနှင့် ပြည့်နေသည်။ တကယ်တမ်းခွဲခွါရတော့မယ်ဆိုတော့လဲ ရင်ထဲမှာ ဆို့နစ်နေသည်။ “ဘုန်းဘုန်း မြေပြန့်ရောက်သွားရင် မမေ့နဲ့နော်။ ချင်းတောင်ကို ပြန်ကြွခဲ့ဦးနော်”။ ဒေသခံ ချင်းအဖွားကြီးရဲ့ စကားသံကိုကြားတော့ ရင်ထဲမှာ ခံစားရပြန်သည်။ ကျောင်းသားကျောင်းသူလေးများကလဲ “ဘုန်းဘုန်း သားတို့၊သမီးတို့ဆီ နောင်နှစ် ပြန်လာခဲ့ဦးနော်” တဲ့။ ငိုချင်စိတ်ကို မနည်းမျိုသိပ်ထားရသည်။
အားလုံးကို လက်ပြနှုတ်ဆက်ခဲ့လိုက်ပြီ။ မနက် (၈)ထိုးတော့ မှန်လုံးကားလေးက တွန်းဇံမြို့လေးမှ ထွက်ခွါခဲ့လေပြီ။ ၀မ်းနည်းခြင်းများစွာနဲ့ပင် ချင်းတောင်တန်းက သွေးချင်းများနှင့် တောင်ဇလပ်ပန်း၊ ချယ်ရီပန်းတွေကို ကျောခိုင်းခဲ့လိုက်ပြီ။ စိတ်မကောင်းခြင်းများစွာနဲ့ ကားပေါ်မှာ မှိုင်ငေးလျှက် ချင်းတောင်တန်းသို့ နှုတ်ဆက်တဲ့ကဗျာလေးတပုဒ် ရေးလိုက်မိသည်။ ခေါင်းစဉ်လေးက-“နှုတ်ဆက်ခဲ့ပြီ ချင်းဌာနီ”
ချင်းတောင်တန်းကြီးရယ်….
မင်းတို့  မင်းတို့ကို
နှုတ်ဆက်ထားခဲ့ရမှာကိုတော့
ဝမ်းနည်းမိမယ်ထင်ပါတယ်။
ပျော်ရွှင်မှုတွေ ဆိတ်သုဉ်းသွားပေမယ့်
ချယ်ရီပန်းတွေဝေတဲ့
ချင်းတောင်တန်းကြီးကိုတော့
အပြစ်မတင်ရက်ပါဘူး။
ငါ့ဘ၀ ငါ့ကြမ္မာကိုပဲ
ပုံအောပြီး အပြစ်တင်လိုက်ပါ့မယ်။
ဖြစ်ချင်တာတွေ မဖြစ်သေးတဲ့ဘ၀ကို
ဖိအားတွေလဲ မပေးချင်သေးပါဘူး။
ဘယ်လောက်ပဲ
စိတ်တွေမွန်းကြပ်ပါစေ
အမြဲတမ်း အပြုံးတွေနဲ့
ဝေဆာပေးတဲ့
တောင်တန်းပြာကြီးကိုတော့
Never forget ပါပဲနော်။
ဖြန်း..ဖြန်း…ဖြန်း…
အိမ်ဘေးက ပိန္နဲပင်ပေါ်မှ ညဥ့်ငှက်တကောင် ထပျံလိုက်တော့ ချင်းတောင်တန်းကအတွေးများ လွင့်စင်ပျောက်ကွယ်သွားသည်။ နာရီကြည့်လိုက်တော့ ည(၁၂)နာရီ။ မနက်ခင်း သင်တန်းသွားရဦးမှာမို့ အတွေးစများကို ရပ်တန့်ပြီး အိပ်ယာဝင်ခဲ့သည်။
(၃)
လင်္ကာရဲ့နေ့ရက်တွေဟာ တဖြည်းဖြည်းနဲ့ ကုန်ဆုံးလာသည်။ ဘာလိုလိုနဲ့ လင်္ကာမြေကို ရောက်တာ ခြောက်လတောင် ကြာသွားပြီ။ ခြောက်လ အတိုင်းအတာလေးမှာ လင်္ကာရဲ့ နေ့ရက်တွေနဲ့ အကျွမ်းတ၀င် ရှိနေပါပြီ။ သက်မဲ့ဘော်ဒါတွေဖြစ်တဲ့ နေ့စဉ်စီးနေကျ (၁၃၈)ဘတ်စ်ကားတွေရယ် သုံးဘီးသမားတွေရယ် အတော်ရင်းနှီးလို့ ကလျာဏမိတ်ဆွေဖြစ်ခဲ့ပြီ။ လင်္ကာရဲ့ခပ်စိမ်းစိမ်း ယဉ်ကျေးမှုတွေနဲ့လည်း မျက်နှာတမ်းမိနေပြီ။ ဗုဒ္ဓဘာသာနိုင်ငံချင်းတူပေမယ့် ယဉ်ကျေးမှုချင်းမတူတော့ တချို့ကိစ္စလေးတွေမှာ ဆန့်ကျင့်ဘက်ဖြစ်နေတယ်။ ဒါပေမယ့် ခုတော့ အရာရာတိုင်းဟာ ယဉ်ပါးလို့နေခဲ့ပြီ။ လင်္ကာသားတွေဟာ တရားနာတဲ့အခါ၊ ဘုရားပေါ်ထိုင်တဲ့အခါ ဘုရားရှိတဲ့ဘက်နှင့် ရဟန်းသံဃာဘက်ကို ခြေဆင်းထိုင်တတ်ကြတယ်။ မြန်မာ့မျက်စိနှင့် ကြည့်ရင် ရိုင်းတယ်လို့ထင်ရပေမယ့် သူ့တို့ယဉ်ကျေးမှုအရတော့ မရိုင်းပါဘူး။ မြန်မာ့ယဉ်ကျေးမှုမှာ သဘောမတူဘူးဆိုရင် ခေါင်းရမ်းကြပေမယ့် လင်္ကာမှာတော့ သဘောတူရင် ခေါင်းရမ်းကြတယ်။ ခုတော့လဲ သူ့ဓလေ့၊ သူ့ယဉ်ကျေးမှုတွေနဲ့ အထာကျလို့ မျက်တောင်မစူးတော့ပါဘူး။ တင်ပလ္လင်ခွေ၊ တင်ပလ္လင်ချိတ်ထိုင်တဲ့ဓလေ့ဟာ အမိမြေမှာမရိုင်းပေမယ့် လင်္ကာမြေရဲ့ ယဉ်ကျေးမှုအရတော့ ရိုင်းနေတယ်လို့ မြင်ကြတယ်။ ဆေးလိပ်သောက်တတ်သော မြန်မာရဟန်းတော်များအဖို့ လင်္ကာမြေရောက်တော့ အခက်ကြုံရသည်။ လင်္ကာမှာ ရဟန်းတော်များအနေဖြင့် ဆေးလိပ်သောက်လျှင် ပါရာဇိကကျသလောက်ပင် ထင်ကြသည်။ လင်္ကာသားတွေဟာ ဗုဒ္ဓဘာသာဝင် ပီပီ ရဟန်းသံဃာများကို ဦးစားပေးစနစ်ရှိသည်။ ဘတ်စ်ကားပေါ် ရဟန်းသံဃာတက်လာလျှင် ချက်ချင်းနေရာဖယ်ပေးသည်။ လင်္ကာသား တော်တော်များဟာ ရဟန်းသံဃာရှေ့ရောက်လာရင် ထိုင်ရာမှ ထပေးတတ်ကြပြီး ဆောင်းထားတဲ့ ဦးထုပ် ခဏချွတ်ပေးတတ်ကြတယ်။
ရောက်စမှာ သင်တန်းတက် ကျောင်းသွား ချက်ပြုတ်စားသောက် နေထိုင်မှုတွေက ခပ်စိမ်းစိမ်း ဖြစ်နေမယ့် ခုတော့လဲ လင်္ကာရဲ့ နေ့ရက်တွေဟာ ရိုးစင်းနေပါပြီ။ အမိမြန်မာပြည်တုန်းက နေထိုင်စားသောက်မှုတွေမှာ မခက်ခဲပေမယ့် လင်္ကာရောက်တော့ ကိုယ့်အားကိုယ်ကိုးရသည်။ မြန်မာပြည်တုန်းက ရွှေထီးဆောင်းခဲ့တာတွေကို ခဏမေ့ထားပြီး ဘ၀ကို ကိုယ်တိုင် ထုဆစ်နေရသည်။ လင်္ကာရောက်တော့မှပဲ ကျွန်ုပ်ကျောင်းက ရှင်ငယ် ရဟန်းငယ်တို့ရဲ့ ကျေးဇူးတရားကို သတိထားမိသယောင် ဖြစ်မိသည်။ ဒီလိုနဲ့ လင်္ကာမြေမှာ သင်တန်းတစ်ဖက် ကျောင်းတစ်ဖက် ပြေးလိုက်လွှားလိုက်နှင့် တစ်နေ့တာအချိန်တွေဟာ ကုန်ဆုံးခဲ့ပေါင်းများခဲ့ပြီ။ အမှန်တော့ လင်္ကာမြေမှာ နေရတဲ့နေ့ရက်တွေဟာ အမိမြေလောက် အဆင်မပြေဘူး။ ဒါပေမယ့် ဒီမိုကရေစီစစ်စစ် မသုံးဆောင်ဖူးသော သူအတွက် ဒီမိုကရေစီလောင်းရိပ်အောက်မှာ နေပြီး လွတ်လပ်စွာ ပညာသင်ယူနိုင်ခြင်းသည်ပင် ကျွန်ုပ်တို့အတွက် အာသာပြေစေသည်။ ပညာရပ်ဝန်းတစ်ခုရဲ့ အတွင်းမှာ နေရခြင်းသည်ပင် ကံကောင်းခြင်းလက်ဆောင် တခုပဲလို့မြင်မိသည်။ လင်္ကာသား ရဟန်းတော်တွေဟာ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်တော်တော်များများတွင် ပညာရေးအပိုင်းကို ပါဝင်ကူညီပတ်သက်နေတာကို မြင်ရတော့ အားကျစိတ် ဖြစ်မိသည်။ အရည်အချင်းရှိလျှင် မည်သည့်တက္ကသိုလ်တွင်မဆို ဆရာလုပ်နိုင်သည်ဆိုတဲ့အချက်ကပင် လင်္ကာရဲ့ဘုန်းကြီးပညာရေးစနစ်ဟာ ခေတ်မှီနေကြောင်း သက်သေဖြစ်သည်။ လင်္ကာမှာ ရဟန်းတော်တစ်ပါးအနေဖြင့် ပညာရေးကို လွတ်လပ်စွာ ပုံဖော်နိုင်သည်။ အင်တာနက် အီးမေးလ်လွယ်ကူစွာ သုံးနိုင်ခြင်းသည် globlazation သဘောကို သက်သေထူနေသည်။ အမိမြေလောက် သဘာဝသယံဇာတ မကြွယ်ဝပေမယ့် ရှိသမျှနှင့်တင့်တယ်အောင် နေနိုင်ထိုင်နိုင်တဲ့ လင်္ကာသားတွေကို မြင်တော့ အမိမြေကို အားမလိုအားမရ ဖြစ်မိသေးသည်။ တကယ်တော့ အမိမြေဟာ သဘာဝရင်းမြစ်နှင့် တောတောင်သဘာဝအလှကိုယ်စီရှိတဲ့ နိုင်ငံတစ်ခုပါ။ ကြိုးစားရင် ကြိုးစားသလောက် အခွင့်ရေးရနိုင်တဲ့ နိုင်ငံကြီးပါ။  လင်္ကာမြေဟာ အမိမြန်မာက ပဲခူးတိုင်းလောက်သာရှိပြီး သဘာဝသယံဇာတအားဖြင့် အုန်းသီး၊ နို့၊ လက်ဖက်ခြောက်(တီး)သာ အဓိကထွက်တဲ့ ကျွန်းနိုင်ငံလေးတစ်ခုပါ။ သို့ပေမယ့် ငွေကြေးခိုင်မာမှုနှင့် ပညာရေးကောင်းမွန်ခြင်းတို့သည် ကမ္ဘာ့အလယ်မှာ မျက်နှာပန်း လှစေသည်။ ဒီမိုကရေစီအရသာကို သုံးဆောင်နေရသည်ခြင်းသည်ပင် ဒီမိုကရေစီ ငတ်မွတ်သူအတွက် အရသာတစ်ခု ဖြစ်နေသည်။ ပညာရေး၊ ကျန်းမာရေးဆိုလည်း အစိုးရက အခမဲ့တာဝန်ယူထားခြင်းကြောင့် မိသားစုဝင်ငွေသည် စုဆောင်းထားနိုင်သည်။ အမိမြေတွင် ဖုန်းကဒ်တစ်လုံး ဆယ်သိန်း(ယခုငါးသိန်း၊နှစ်သိန်း) ဖြစ်နေချိန်တွင် လင်္ကာမြေမှာတော့ ဖုန်းကဒ်တခု ရူပီး(၁၂၀)မြန်မာကျပ်ငွေ တစ်ထောင်ခန့်ဖြင့် ရနေခြင်းသည် စီးပွားရေးအရ တံခါးဖွင့်ဝါဒကို ကျင့်သုံးခြင်း၏ အကျိုးရလာဘ်များပင် မဟုတ်ပါလော။
တဖြည်းဖြည်းနှင့် လင်္ကာမြေမှာ ပျော်ရွှင်လာသည်။ သူငယ်ချင်းတွေနဲ့အတူ ကျောင်းတက် သင်တန်းတက် ပျင်းတဲ့အခါ ဖုန်းဆက် မေးလ်တွေပို့ မက်စ်ဆေ့တွေပို့လိုက်နဲ့ ပျော်ရွှင်ဖွယ်ဖြစ်လာသည်။ ဘာပဲဖြစ်ဖြစ်လေ ပညာတွေဆုံးခန်းတိုင်ရင်တော့ အမိမြေကို ခြေဦးပြန်လှည့်ရပေမည်။ လင်္ကာမြေရဲ့ အငွေ့အသက်တွေနဲ့ လင်္ကာသားတို့ရဲ့ ဖော်ရွေသောအပြုံးများကို ထားရစ်ခဲ့မည်ကို တွေးတောပြီး ရင်ထဲမှာ ဟာတာတာ ဖြစ်နေမှာကတော့ သေချာသလောက် ရှိနေကြောင်း။ 

                                         ကိုသာ.ထီလာမောင်(၃၀.၅.၁၂)