Sunday, September 30, 2012

လူ့ပြည်နှင့် တမလွန်ခရီး ဘယ်လောက်ဝေးသလဲ



     လူ့ပြည်နှင့် တမလွန်ခရီးသည် အဘယ်မျှလောက် ဝေးကွာသနည်း။ ဤအကြောင်းအရာနှင့် ပတ်သက်၍ -
(က) လူ့ပြည်မှ သေလွန်၍ လူ့ပြည်၌ ပြန်ဖြစ်သောသူ၊
(ခ)လူ့ပြည်မှ သေလွန်၍ နတ်ပြည်,ဗြဟ္မာ့ပြည်တို့၌ ဖြစ်သောသူ၊
(ဂ) လူ့ပြည်မှ သေလွန်၍ ငရဲပြည် တို့၌ ဖြစ်သောသူ၊
        ထိုသူတို့သည် လူ့ပြည်မှ တစ်ပြိုင်နက် သေလွန်(စုတေ)ကြကုန်သည်ရှိသော် လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်၊ ငရဲပြည်တို့တွင် တစ်ပြိုင်နက် ရောက်ကြကုန်သလော။ သို့မဟုတ် အတားအဆီး၊ အနီးအဝေး အလျောက်  ရှေ့နောက်ခြားနားပြီးမှ ရောက်ကြကုန်သလော ဟူသော ပြဿနာမျိုးကို လူတိုင်းသိလိုကြ၏။
        အထက်ပါ ပြဿနာရပ်နှင့် ပတ်သက်၍ မိလိန္ဒမင်းကြီးသည် အရှင်နာဂသိန်မထေရ်အား အောက်ပါအတိုင်း မေးခဲ့ဖူးလေသည်။
        ““အရှင်ဘုရား ဤလူ့ပြည်၌ သေဆုံး၍ ဗြဟ္မာ့ပြည်တွင် ဖြစ်လာသောသူနှင့် ဤလူ့ပြည်၌ သေဆုံး၍ ကသ်္မီရတိုင်းတွင် ဖြစ်လာသောသူတို့တွင် အဘယ်သူက ကြာမြင့်၍ အဘယ်သူက လျင်မြန်စွာ ဖြစ်ပါသနည်း””
        ““မင်းကြီး ထိုသူတို့နှစ်ယောက်သည် အချိန်ကာလအားဖြင့် အညီအမျှပင် ဖြစ်ပေ၏””
        ““အရှင်ဘုရား ဥပမာပေး၍ ရှင်းပြတော်မူပါဦး””
        ““မင်းကြီး သင်သည် အဘယ်အရပ်၌ ဖွားမြင်ခဲ့ပါသနည်း””
        ““အရှင်ဘုရား (အလသန္ဒကျွန်းရှိ) “ကလသိ”မည်သော ရွာ၌ဖွားမြင်ပါ၏””
        ““မင်းကြီး ထိုကလသိရွာသည် ဤသာဂလမြို့တော်မှ မည်မျှဝေးသနည်း””
        ““အရှင်ဘုရား ယူဇနာနှစ်ရာ ဝေးပါ၏””
        ““မင်းကြီး ကသ်္မီရတိုင်းသည် ဤသာဂလမြို့တော်မှ မည်မျှကွာဝေးပါသနည်း””
        ““အရှင်ဘုရား တစ်ဆယ့်နှစ်ယူဇနာ ဝေးပါ၏””
        ““မင်းကြီး ကလသိရွာကို အောက်မေ့,စဉ်းစားလိုက်ပါလော့””
        ““အရှင်ဘုရား အောက်မေ့,စဉ်းစားပြီးပါပြီ””
        ““မင်းကြီး ကသ်္မီရတိုင်းကို အောက်မေ့,စဉ်းစားလိုက်ပါလော့””
        ““အရှင်ဘုရား အောက်မေ့,စဉ်းစားပြီးပါပြီ””
        ““မင်းကြီး ထိုနှစ်ခုတွင် မည်သည့်အရပ်ကို အချိန်ကြာကြာ အောက်မေ့,စဉ်းစားရပါသနည်း။ မည်သည့်အရပ်ကို လျှင်မြန်စွာ အောက်မေ့,စဉ်းစားရပါသနည်း””
        ““အရှင်ဘုရား အချိန်ကာလအားဖြင့် အညီအမျှပင် ဖြစ်ပါ၏””
        ““မင်းကြီး ထို့အတူပင် ဗြဟ္မာ့ပြည်နှင့် ကသ်္မီရတိုင်းရှိ ပဋိသနေ်္ဓနေသူ အသီးသီးသည် အချိန်ကာလအားဖြင့် အညီအမျှပင် ကြာလေ၏။ မင်းကြီး ကောင်းကင်၌ ပျံသွားသော ငှက်နှစ်ကောင်တွင် တစ်ကောင်သည် သစ်ပင်အမြင့်၌လည်းကောင်း၊ တစ်ကောင်သည် သစ်ပင်အနိမ့်၌လည်းကောင်း တစ်ပြိုင်နက် နားလေ၏။ ထိုငှက်နှစ်ကောင်အနက် မည်သည့်ငှက်၏ အရိပ်သည် မြေကြီး၌ ရှေးဦးစွာ ထင်၍ မည်သည့်ငှက်၏ အရိပ်သည် ကြာမှ(နောက်မှ) ထင်လေသနည်း””
        ““အရှင်ဘုရား ငှက်နှစ်ကောင်၏ အရိပ်သည် မြေပြင်ပေါ်၌ တစ်ပြိုင်နက်တည်း ထင်ပါ၏””
        ““မင်းကြီး ထို့အတူပင် ဗြဟ္မာ့ပြည်၌ ဖြစ်သူနှင့် ကသ်္မီရတိုင်း၌ ဖြစ်သူနှစ်ဦးတို့လည်း အချိန်ကာလအားဖြင့် အညီ အမျှပင် ဖြစ်ပါ၏” ဟူ၍ ဖြေဆိုခဲ့လေသည်။