Wednesday, July 18, 2012

လူမှ မမွေးသော လူသား....... ဝေဠုဝတီ



ဝေဠုဝတီသည် ပုဂံခေတ်တွင် ပေါ်ထွန်းခဲ့ပြီး လူမှမမွေးသော လူသား အမျိုးသမီးတစ်ဦးဖြစ်သည်။ ဝေဠုဝတီဆိုသည်မှာ ၀ါးလုံးတွင်းမှ မွေးဖွားလာသူ ဟုအဓိပ္ပါယ် ရသည်။ သက်္ကရာဇ် ၅၃၃ ခုနှစ်၊ ပုဂံပြည်တွင် မင်းယဉ်နရသိင်္ခသည် ပုဂံထီးနန်းကို စိုးစံလျက် ရှိသည်။ ထိုမင်းသည် ပုဂံမင်းဆက် ၄၈-ဆက်မြောက်မင်းဖြစ်သည်။ ၎င်းင်း၏ညီတော် နရပတိစည်သူ ကို အိမ်ရှေ့မင်းအရာ၌ထားလေသည်။
       ထိုစဉ်က မြင်စိုင်းဝက်ဝင်အရပ်၌ အလွန်ထူထပ်ကျယ်ပြောသော ၀ါးတောကြီးရှိသည်။ ထိုဝါးတောသို့ ပြော့လူမျိုး(ရှမ်း)ဖြစ်သော မုဆိုးတစ်ဦးသည် တောလိုက်သွားလေရာ တစ်နေ့တွင် ကြီးမားသော ၀ါးလုံးတစ်ခုထဲမှ သံသေဒဇဖြစ်သော သူငယ်မတစ်ဦးကို တွေ့လေသည်။ အလွန် ချစ်စဖွယ်ကောင်းသောကြောင့် မုဆိုးကြီးသည် မိမိအိမ်သို့ယူဆောင်မွေးစားခဲ့သည်။ ၀ါးလုံးထဲမှ ရလာသောကြောင့် ““ဝေဠုဝတီ”” ဟုအမည်ပေးခဲ့သည်။ ကာလအတန်ကြာသော် ဝေဠုဝတီသည် အရွယ်ရလာသည်နှင့်အမျှ လှပတင့်တယ်လာပြီး ကျက်သရေကြွယ်ဝသူလေးဖြစ်လာသည်။ ဝေဠုဝတီ၏ လှပသောရုပ်ရည်ရူပကာယသည် ပြော့လူမျိုးတို့အဖို့ ထူးခြားနေ၏။ ထို့ကြောင့် ပြော့လူမျိုးတို့သည် ““ဤမျှလောက် ထူးခြားသောအလှပိုင်ရှင် ဝေဠုဝတီသည် ငါတို့အရပ်ဒေသနှင့် မသင့်လျှော်””ဟု ဆွေးနွေးတိုင်ပင်ကာ ပုဂံနေပြည်တော်သို့ခေါ်ဆောင်၍ မင်းယဉ်နရသိင်္ခထံ ဆက်သကြလေသည်။ နရသိင်္ခမင်းသည် ဝေဠုဝတီ၏ နားရွက်အစုံသည် ကြီးလွန်းပြီး တွဲကျလွန်း သည်ဟုဆိုကာ မယူဘဲ ညီတော်နရပတိစည်သူအား ပေးလိုက်လေသည်။ ဘုရင့်မယ်တော်ကြီး သည် ညီတော်နရပတိစည်သူနှင့် အတူနေသူဖြစ်၍ မိမိတို့အဆောင်သို့ရောက်လာသော ဝေဠုဝတီအား ပို၍လှပလာစေရန် ပြန့်ကားနေသောနားရွက်တို့ကို လိုအပ်သလို လှီးဖြတ်လိုက် ပြီး ရွှေ၊ ငွေ၊ ပတ်္တမြားတို့ဖြင့် ဆင်ပေးလိုက်သည်။ နားရွက်တို့ကို ပြုပြင်ပြီးနောက် ဝေဠုဝတီသည် အပြစ်ကင်းစင်သူလေးဖြစ်လာသည်။ ထိုပြင် မယ်တော်ကြီးသည် ဝေဠုဝတီအား နန်းတွင်းသူမိဖုရား တို့ တတ်သင့်သောအတတ်ပညာတို့ကိုလည်း သင်ပေးလိုက်သည်။
       တစ်နေ့သောအခါ မယ်တော်မိဖုရားကြီးသည် ချွေးမတော်ဝေဠုဝတီကို ခေါ်ဆောင်၍ နန်းမဆောင်သို့ ၀င်လေသည်။ နရသိင်္ခမင်းသည် ခယ်မတော်၏ပြုပြင်ထားသောအဆင်းကို မြင်ရသောအခါ လိုချင်စိတ် တပ်မက်စိတ်များဖြစ်လေသည်။ ထို့ကြောင့် ခယ်မတော်ဝေဠုဝတီကို ပြန်လည်သိမ်းပိုက်ရန်အတွက် ညီတော်နရပတိစည်သူအား ပရိယာယ်ဖြင့် ငဆောင်ချမ်းအရပ် တွင် ခိုးသားသူပုန်များသောင်းကြမ်းနေ၍ နှိမ်နင်းရန်သွားခိုင်းလိုက်သည်။
       နရပတိစည်သူသည် နောင်တော်၏အကြံကို ရိပ်မိသောကြောင့် တပည့်ဖြစ်သော မြည်းခံတော်ငပြည့်ကို သူ၏မြင်းလိမ်္မာအပ်နှံ၍ ““နန်းတော်၌ ကိစ်္စတစ်စုံတစ်ခုပေါ်ပေါက်လာလျှင် ငါ့ထံ အမြန်သတင်းပို့ပါ””ဟု မှာကြားခဲ့ပြီး မှူးမတ် စစ်သည်ဗိုလ်ပါတို့နှင့် စစ်ချီထွက်လေသည်။နရပတိစည်သူ သစ်ဆိမ့်အရပ်သို့ ရောက်သောသတင်းကိုကြားလျှင် နရသိင်္ခမင်းသည်   ခယ်မတော် ဝေဠုဝတီကို နန်းတင်သိမ်းပိုက်တော်မူသည်။ နောက်ပိုင်းတွင် ညီတော်နရပတိစည်သူသည် သူ၏ တပည့်““အောင်စွာငယ်””ကို နန်းတော်သို့သွားပြီး နောင်တော်မင်းကို လုပ်ကြံသတ်ဖြတ်ရန် တာဝန်ပေးလိုက်သည်။ အောင်စွာငယ်လည်း အမိန့်တော်အတိုင်း နရသိင်္ခမင်းအား လုပ်ကြံသတ်ဖြတ်ခဲ့သည်။ နောင်တော်ကျဆုံးပြီးနောက် နရပတိစည်သူသည် ပုဂံနန်းတော်သို့လာရောက်၍ ထီးနန်းသိမ်းကာ ဝေဠုဝတီကို မိဖုရားတင်မြှောက်ခဲ့သည်။

No comments:

Post a Comment