Monday, August 20, 2012

တမလွန်ဘ၀ရှိနိုင်ပုံယုတ်္တိများ

   တမလွန်ဘ၀ကို ယုံကြည်မှုသည် လူတို့၏ ပင်ကိုယ်ဆန်းစစ်တွေးခေါ်မှုအရ ပေါ်လာခြင်း ဖြစ်သည်။ လူသည် အသိဉဏ်ကို အသုံးပြုတွေးခေါ်တတ်စကပင် ““လူသည် ဤဘ၀သို့ မရောက်မီ ယခင်က တစ်စုံတစ်ခု ဖြစ်ခဲ့ဘူးခဲ့သလော၊ လူသေပြီးသည့်အခါ တစ်စုံတစ်ခု ဖြစ်ရန်ရှိသေးသလော၊ သို့မဟုတ် လူသည် ယခုပစ္စုပ္ပန်ဘ၀တွင်စပြီး ယခုပစ္စုပ္ပန်ဘ၀တွင်ပင် ပြီးဆုံးသွားတော့ မည်လော’’ စသောဘ၀ဆိုင်ရာ မေးခွန်းများကို အစဉ်တစိုက် မေးလာခဲ့ပါသည်။ များစွာသောလူတို့က လူသည် ဤပစ္စုပ္ပန်ဘ၀တွင် စပြီး ဤပစ္စုပ္ပန်ဘ၀တွင် ဆုံးမည်မဟုတ်၊ ယခင်ကစ၍ ဖြစ်ခဲ့ပြီး သေပြီးနောက် တွင်လည်း ပြန်လည်၍ ဖြစ်ဦးမည်ဟု ယုံကြည်ကြပါသည်။ ဤသည်မှာ နောက်ဘ၀ကို ယုံကြည်မှု၏ အစပင်ဖြစ်ပါသည်။ ဤနေရာ၌ လူတို့ယုံကြည်ခဲ့သည့်အတိုင်း တမလွန်ဘ၀များ ရှိနိုင်,မရှိနိုင် (သို့မဟုတ်) နောက်ဘ၀ရှိ,မရှိဆိုသည်ကို ဝေဖန်ဆန်းစစ်ရန်လိုပါသည်။
       ယနေ့ခေတ် သပ္ပံပညာသည် အလွန်တိုးတက် နေသောခေတ်ဖြစ်ပါသည်။ ထို့ကြောင့် လူတို့သည် အရာရာကို သိပ္ပံပညာဖြင့် ချိန်ထိုးပြီး သက်သေအထောက်အထားရှိ၍ လက်ဆုပ် လက်ကိုင်ပြနိုင်မှသာလျှင် လက်ခံလေ့ရှိကြသည်။ သက်သေ အထောက်အထား မရှိသည်တို့ကို လက်ခံယုံကြည်ရန် တွန့်ဆုတ်ကြ၏။ ဘ၀ဆက်လက်ဖြစ်မှု(သံသရာ)ကိုလည်း သက်သေအထောက် အထား ခိုင်လုံစွာမပြနိုင်ဟူသော ဆင်ခြေဖြင့် သိပ္ပံနည်းမကျဟုဆိုကာ မယုံကြည်လိုကြပေ။
       ကမ္ဘာပေါ်၌ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ဘာသာဝါဒများရှိရာ အသီးသီးသောဘာသာ ၀င်တို့၏ ခံယူချက်များတွင် လူသားတို့၏ မျက်မြင် နားကြားစသော သာမန်အာရုံသိစိတ်ငါးမျိုးတို့ဖြင့် လက်လှမ်းမှီနိုင်သော အချက်များရှိသကဲ့သို့၊ ထိုသာမန်အာရုံသိစိတ်တို့ဖြင့် အလှမ်းမမှီ နိုင်သောအချက်များလည်း အမြောက်အများရှိနေပါသည်။
       လူ့အသိုက်အ၀န်းတွင် လိုက်နာဖွယ်၊ ပြုကျင့်ဖွယ်၊ လုပ်ဆောင်ဖွယ်စသည်တို့နှင့် ပတ်သက်၍ ဘာသာတရားတို့၏ ညွှန်ကြားချက်များသည် သာမန်အာရုံသိစိတ်တို့ဖြင့် သိနိုင်၊ နားလည်နိုင်သော အချက်များလိုလိုချည်း ဖြစ်ကြပါသည်။ သို့ရာတွင် စိတ်ဝိညာဏ်၊ တမလွန်ဘ၀၊ ကံတရား၊ နိဗ္ဗာန်စသည်တို့သည် မျက်မြင်နားကြားစသည့် အာရုံသိစိတ်များဖြင့် လက်ဆုပ်လက်ကိုင် သိနိုင်မြင်နိုင်ရန် ဖြစ်စကောင်းသောအရားများ မဟုတ်ကြပါချေ။ ထိုသို့ပင် လက်ဆုပ်လက်ကိုင် မသိနိုင်သော်လည်း အဆိုပါအရာများကို ဘာသာတရားက သင်ကြားထားသည့်အတိုင်း ယုံကြည်စိတ်ဖြင့် လက်ခံလာခဲ့ကြခြင်းဖြစ်ပါသည်။
       သိပ္ပံပညာတိုးတက်ထွန်းကားလာသော ယနေ့ခေတ်တွင် လူတို့သည် အရာရာကို သိပ္ပံပညာဖြင့် နှိုင်းချိန်လာကြရာ သိပ္ပံနည်းဖြင့် လက်တွေ့စမ်းသပ်ဖော်ပြ၍ မရသောအရာများကို တကယ်ရှိအနေဖြင့် လက်ခံယုံကြည်ရန် ၀န်လေးလာကြပါသည်။ ဘာသာတရားများက နတ်ရှိ ကြောင်း၊ ငရဲပြည်ရှိကြောင်း ညွှန်ပြသည်။ သို့သော် မည်သူမျှ နတ်များ၊ ငရဲသားများကို တပ်အပ် မမြင်ဘူးချေ။ ငရဲပြည်နှင့် နတ်ပြည်ဗိမာန်ဆိုသည်တို့မှာလည်း နက္ခတ်ပညာရှင်တို့၏ အင်အား ကောင်းလှသော နက္ခတ်ကြည့်မှန်ပြောင်းဝတွင် အရိပ်မျှပင် ထင်မလာဘူးချေ။ ထို့ကြောင့် ယင်းတို့ကို ဆင်းရဲဒုက်္ခနှင့် အကြောက်တရားများမှ ပုန်းခိုလိုသောစိတ်များက ဖန်တီးထုတ်လုပ် လိုက်သော စိတ္တဇအရာများအဖြစ်သာ ရှုမြင်သဘောထားလာကြပါသည်။
       အမှန်အားဖြင့် သိပ္ပနည်းဖြင့် စမ်းသပ်၍ မရသောအရာများမှာ သာမန်အာရုံသိစိတ် တို့၏ နယ်နိမိတ်ပြင်ပမှ အရာများသာဖြစ်နေပေသည်။ သိပ္ပံပညာဆိုသည်မှာလည်း အာရုံသိစိတ် တို့ဖြင့် အလှမ်းမှီနိုင်ရာ ကျဉ်းမြောင်းသည့် ဘောင်အတွင်း၌သာ စူးစမ်းရှာဖွေနိုင်ပါသည်။
       သို့ဖြစ်၍ အာရုံသိစိတ်ငါးပါးတို့၏ နယ်နိမိတ်ပြင်ပ၊ မျက်မြင်နားကြားစသည့် အာရုံသိစိတ်များဖြင့် အလှမ်းမမှီနိုင်ရာ နယ်ပယ်တွင် ကံ၊ တမလွန်၊ နိဗ္ဗာန်စသည့် တကယ်ရှိနေသော အရှိသဘာဝတရားများကို ငြင်းပယ်ရန် မသင့်ပေ။
       တမလွန်ဘ၀အယူအဆနှင့် ပတ်သက်၍ ပထမစဉ်းစားသင့်သည်မှာ လူအချင်းချင်းတွင် တစ်ဦးနှင့်တစ်ဦးမတူ၊ ထူးခြားသည့် အချက်များရှိနေခြင်းပင်ဖြစ်သည်။ အချို့သည် မွေးကတည်းကပင် အကျိုးအကန်း၊ ဆွံ့အသူများ ဖြစ်လာခဲ့ရပါသည်။ ယင်းအခြေအနေများကို မိဘများကြောင့် ဖြစ်ရသည်ဟု တထစ်ချမပြောနိုင်ပေ။ မိခင်တစ်ဦးတည်းမှ မွေးဖွားလာသော အမွှာပူးတို့သည်ပင် တစ်ဦးနှင့်တစ်ဦး အကျင့်စရိုက်၊ စိတ်ရင်းစိတ်ဓာတ်၊ ရည်ရွယ်ချက်လုပ်ငန်းစဉ်များ ကွာခြားသည် ကိုတွေ့ရပါသည်။ ဤသို့ဖြစ်ရသည်မှာ ယခုဘ၀နှင့် များစွာမသက်ဆိုင်ဘဲ ရှေးဘ၀များစွာမှ ကံဟူသော အကြောင်းတရားတို့၏ အကျိုးဆက်ဖြစ်ကြောင်း ယူဆရပါမည်။ လူတို့၏ အရည်အသွေး၊ ထူးခြားသည့်စွမ်းရည်၊ ထူးချွန်သည့်ဉဏ်ရည်ဉဏ်သွေးစသည်တို့သည် အတိတ်ကာလ တစ်လျှောက်လုံး အဖန်ဖန်ဖြစ်ခဲ့ရသည့် ကံ(ကမ်္မ)များ၏ ကြောင်းကျိုးဆက်သွယ် မှုရလာဒ်ဟု ဆိုရမည်ဖြစ်ပါသည်။
       စွမ်းအင်တည်မြဲခြင်းနိယာမသည် မျက်မှောက်ခေတ် ရူပဗေဒပညာတွင် အခြေခံတစ်ခု ဖြစ်သည်။ ထိုနိယာမအရ စွမ်းအင်များ အသွင်ပြောင်းသောအခါ စွမ်းအင်တစ်မျိုးမှာ ပျောက်ကွယ် သွားသော်လည်း အခြားအသွင်ဖြင့် စွမ်းအင်တစ်မျိုး ပြန်လည်ဖြစ်ပေါ်လာသည်။ ဤသို့ပြောင်းလဲ ရာ၌ စွမ်းအင်မှာ ပျက်ပြယ်သွားခြင်းမရှိပေ။ စွမ်းအင်တစ်မျိုး ဆုံးရှုံးပျောက်ကွယ်သွားလျှင် ၎င်းင်းနှင့် ညီမျှသော အခြားစွမ်းအင်တစ်ခု ပေါ်ပေါက်လာမြဲဖြစ်သည်။ ဤသဘောတရားအရ လူတစ်ဦး သေဆုံးသွားသောအခါ သေသူ၏ စိတ်ပိုင်းဆိုင်ရာ စွမ်းအင်တို့သည်လည်း အသွင်သစ်ဖြင့် ဆက်လက် ဖြစ်ပေါ်နိုင်ကြောင်း ထင်ရှားပါသည်။ သေသည့်အခါ ရုပ်ခန်္ဓာကိုယ် အလုပ်မလုပ် တော့သော်လည်း သေသူ၏ပြန်းထန်လှသော တပ်မက်မှုစွမ်းအင်သည် အရှိန်အဟုန်ဖြင့် ဆက်လက်ဖြစ်ပေါ်နေပါသည်။ ၎င်းင်းမှတစ်ဖန် ဘ၀သစ်တစ်ခု ပြန်လည်ဖြစ်တည်လာခဲ့ခြင်း ဖြစ်သည်။ ဤသည်တို့ကား နောက်ဘ၀ရှိနိုင်မှုနှင့် ပတ်သက်၍ ယုတ်္တိဗေဒနှင့် သိပ်္ပံပညာရှုထောင့် တို့မှ တင်ပြခြင်းဖြစ်ပါသည်။

No comments:

Post a Comment