Tuesday, July 31, 2012

တမလွန်ဘ၀ အယူအဆအမျိုးအမျိုး



ဆင်ခြင်တွေးခေါ်တတ်ပြီး အသိဉာဏ်ရှိသည့် ကမ္ဘာ့လူသားတို့အား ကာလအရှည်ဆုံး စိန်ခေါ်ခဲ့သော ဘ၀ပြဿနာတစ်ရပ်မှာ တမလွန်ဘ၀ (နောက်ဘ၀)ပြဿနာပင် ဖြစ်လေသည်။                “လူသား တို့သည် သေသည်၏အခြားမဲ့၌ တစ်ဖန်ဘ၀သစ် ဖြစ်ရဦးမည်လော။ သို့မဟုတ် လူသားတို့သည် သေပြီးသည့်နောက် ဘ၀သစ်တစ်ဖန် မဖြစ်တော့ဘဲ ဘ၀ပြတ်စဲသွားမည်လောစသည်ဖြင့် တမလွန်ဘ၀နှင့် ပတ်သက်၍ စဉ်းစားတွေးခေါ်ခဲ့ကြ၏။
       အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာစသော ကမ္ဘာ့ဘာသာကြီး အားလုံးလိုလိုပင် “လူသေလျှင်ပြတ်သည်ဟူသော အဆိုကို လက်မခံကြပေ။ လူသည် သေပြီးနောက် တစ်စုံတစ်ခုဖြစ်ရဦးမည်ဟူ၍ကား ကမ္ဘာ့ဘာသာကြီးများက သဘောတူ လက်ခံကြသည်။ တစ်စုံတစ်ခု ဖြစ်ပုံဖြစ်နည်းတွင်သာ ကွဲလွဲမှုရှိကြပါသည်။ ခရစ်ယာန်ဘာသာနှင့် အစ္စလာမ်ဘာသာများအရ လူသေသောအခါ ၀ိညာဉ်သည် မသေဘဲ ကျန်ရစ်နေ၏။ ၎င်းင်းဝိညာဉ်များသည် ဘုရားသခင်၏ နောက်ဆုံး တရားစီရင်သောနေ့တွင် အသီးသီးလာရောက်၍ အစစ်အဆေးခံကြရမည်ဖြစ်၏။ ၎င်းင်းတို့အား ဘုရားသခင်က စစ်ဆေး၍ မိမိတို့ပြုလုပ်ခဲ့သော ကောင်းမှု၊ မကောင်းမှုအလိုက် ထာဝရသုခ (ကောင်းကင်ဘုံ)သို့လည်းကောင်း၊ ထာဝရဒုက္ခ (ငရဲဘုံ)သို့လည်းကောင်း အသီးသီး ပို့ဆောင်ပေးမည်ဟု ယင်းဘာသာဝင်များက လက်ခံယုံကြည်ကြပါသည်။
       ဟိန္ဒူဘာသာအရ တမလွန်ဘ၀ဖြစ်ပုံ
       ဟိန္ဒူဝါဒအရ ကမ္ဘာလောကကြီးနှင့်တကွ သတ္တ၀ါအားလုံးတို့ကို မဟာဗြဟ္မာကြီးက ဖန်ဆင်းပြီး သတ္တ၀ါအသီးသီးတို့၏ ခန္ဓာကိုယ်ထဲ၌ အတ္တလေးတစ်ခုစီကို ထည့်ပေးလိုက်၏။ ယင်းအတ္တလေးရှိမှသာ သတ္တ၀ါတို့သည် အသက်ရှင်ပြီး သွားလာလှုပ်ရှားနေနိုင်၏။ ၎င်းင်းအတ္တကို ဇီဝအတ္တဟုခေါ်ပြီး မည်သည့်အခါမျှ မပျက်စီးနိုင်ပေဟုလည်း ယူဆကြသည်။ ထို့ကြောင့် ဟိန္ဒူဝါဒအရ ဤကမ္ဘာကြီးအပါအ၀င် သက်ရှိသက်မဲ့အရာအားလုံးသည် ဖြစ်ပျက်ပြောင်းလဲမှု စက်ဝိုင်းအတွင်းမှ သမုတိသစ္စာများသာဖြစ်သည်။ အမှန်စင်စစ် ပရမတ္ထအားဖြင့် အနှစ်အသား ခိုင်မာစွာ ထာဝရတည်ရှိသည့် အရာမှာ “ပရမတ္တမခေါ် ထာဝရဘုရားနှင့် ထိုထာဝရဘုရားရှင် ဖန်ဆင်းသည့် သတ္တ၀ါတို့၏ ခန္ဓာကိုယ်အတွင်းမှ အတ္တ(အတ္တမ)များသာဖြစ်သည်။ စင်စစ် အတ္တသည် ထာဝရဘုရား၏ အစိတ်အပိုင်းဖြစ်သဖြင့် အမှန်ရှိခြင်း၊ သိတတ်ခြင်း၊ လွတ်လပ်ခြင်းဂုဏ်သတ်္တိများနှင့် ပြည့်စုံသည်။
       သို့သော်လည်း ထိုအတ္တသည် ရုပ်ခန္ဓာနှင့် နှောင်ဖွဲ့မိပြီး မောဟအ၀ိဇ္ဇာ၏ ဖုံးလွမ်းခြင်းကို ခံနေရသဖြင့် မိမိ၏ဘ၀မှန်ကို မသိမြင်ဘဲရှိနေသည်။ ထို့ကြောင့်ပင် ရုပ်ခန္ဓာပျက်စီးသွားသောအခါ အတ္တသည် အခြားခန္ဓာအိမ်တစ်ခုသို့ ၀င်ပြီး သတ္တ၀ါအသစ် ပြန်လည်ဖြစ်ရသည်။ သတ္တ၀ါ အသီးသီးတွင်ရှိသည့် အတ္တမံခေါ်ဝိညာဉ်သည် မိမိတို့၏ကောင်းမှု၊ မကောင်းမှုအလိုက် လူ၊ နတ်၊ တိရိစ္ဆာန်ရုပ်ခန္ဓာအိမ် အမျိုးမျိုးထဲသို့ လှည့်ပြောင်းဝင်၍ ကောင်းကျိုးဆိုးကျိုးကို ခံစားရသည်။
       ဘ၀အမျိုးမျိုးတွင် ထိုအတ္တသည် မိမိ၏အညစ်အကြေးများ ပပျောက်၍ လုံးဝသန့်ရှင်းဖြူစင်သည့် အဖြစ်သို့ ရောက်ရှိအောင် အဆင့်ဆင့် ကြိုးစားကျင့်ကြံအားထုတ်ရသည်။ ဤနည်းဖြင့် ရုပ်အနှောင်အဖွဲ့တွင် ချုပ်နှောင်မိနေသော အတ္တသည် ၀ိဇ္ဇာ(ဉာဏ်)အမြင်ရရှိလာပြီး မိမိ၏ပင်ကိုယ်ဘ၀ကို သိမြင်လာသည်။ ထိုအခါ ရုပ်အနှောင်အဖွဲ့မှ လွတ်မြောက်၍ မောက္ခဟူသော ထာဝရငြိမ်းချမ်းရေးကို ရရှိသွားသည်။ ထိုသို့ ထာဝရငြိမ်းချမ်းရေးကို ရရှိသွားခြင်းဟူသည် မူလထာဝရ၀ိညာဉ် (ထာဝရဘုရား)နှင့် ပြန်လည်ပူးပေါင်းသွားခြင်းပင် ဖြစ်သည်။ ထိုမောက္ခသို့ မရောက်သေးသရွေ့ လူ၊ နတ်၊ တိရိစ္ဆာန်စသည့် သက်ရှိ သတ္တ၀ါတို့၏ အဖြစ်များတွင် စုန်ဆန်ကူးပြောင်းနေရသည်။
       ဥပမာအားဖြင့် လူသားတို့တွင် ရှိသောအတ္တကို ဆိုပါအံ့။ ၎င်းင်းအတ္တသည် ပဋိသန္ဓေ တည်စကတည်းက လူ၏ခန္ဓာကိုယ်တွင် တည်ရှိလာခဲ့ပြီး မည်သည့်အခါမျှ မပျက်စီးဘဲ အမြဲတည် ရှိနေ၏။ ထိုလူသေသွားသောအခါ ၎င်းအတ္တသည် ထိုသေသွားသောလူ့ခန္ဓာကိုယ်မှ ထွက်သွားပြီး နောက်ခန္ဓာကိုယ်တစ်ခုထဲသို့ ၀င်ပြီး နောက်တစ်ဘ၀ဖြစ်၏။ ထိုဘ၀တွင်လည်း ထိုလူသေသွား သောအခါ နောက်ထပ် ခန္ဓာကိုယ်တစ်ခုထဲသို့ဝင်၍ နောက်ထပ်တစ်ဘ၀ဖြစ်ပြန်လေ၏။ ဤနည်းအားဖြင့် ၎င်းင်းအတ္တလေးသည် ဘယ်သောအခါမှ မပျက်စီးဘဲ တစ်ဘ၀ပြီးတစ်ဘ၀ ကူသွားနေ၏။ ယင်းသဘောကို ဟိန္ဒူဗြဟ္မဏ၀ါဒအရ သံသရာဟု ခေါ်၏။
       နောက်ဆုံးတွင် ယောဂကမ္မဋ္ဌာန်းများ အားထုတ်သောအခါ ယင်းအတ္တမှာ ကိလေသာ အညစ်အကြေးများ စင်ကြယ်သွားပြီး ဖြူစင်တောက်ပြောင် လာလေ၏။ ထိုအခါ နောက်ဘ၀မကူးတော့ဘဲ “ပမရတ္တမခေါ်သော မဟာဗြဟ္မာကြီးနှင့် တစ်သားတည်း ပေါင်းစည်းမိသွားလေ၏။ ထိုအခါ အတ္တသည် သံသရာမှ လွတ်မြောက်သွား၏ဟု ယူဆကြလေသည်။
      ဂျိန်းဘာသာအရ တမလွန်ဘ၀ဖြစ်ပုံ
       အိန်္ဒိယနိုင်ငံတွင် ပေါ်ထွန်းခဲ့သော ဟိန္ဒူဘာသာ၊ ဂျိန်းဘာသာ၊ ဗုဒ္ဓဘာသာတို့သည် တမလွန်ဘ၀နှင့် ကမ္မ၀ါဒကို လက်ခံသော ဘာသာကြီးများဖြစ်၏။ ထိုဘာသာကြီးသုံးခုအနက် ဖော်ပြပြီးသော ဟိန္ဒူဘာသာသည် ကမ္မ၀ါဒ၊ သံသရာဝါဒ၊ အတ္တ၀ိညာဉ်နှင့် ဖန်ဆင်းရှင်ဝါဒကို လက်ခံသည်။ ယခုဖော်ပြမည့် ဂျိန်းဘာသာသည် ကမ္မ၀ါဒ၊ သံသရာဝါဒနှင့် အတ္တ၀ိညာဉ်ကို လက်ခံသော်လည်း ဖန်ဆင်းရှင်ဝါဒကို လက်မခံပေ။ ဂျိန်းဘာသာ၏ ဦးဆောင်ပုဂ်္ဂိုလ်ကို “ဇိန သို့မဟုတ် “မဟာဝီရဟု ခေါ်ကြသည်။ “ဇိနဟူသော ဝေါဟာရကိုပင် ခေတ်အလိုက် “ဂျိန(အိန်္ဒိယသံ)၊ “ဂျိန်းဟု ခေါ်ကြသည်။ ယခုအခါ “ဂျိန်းဘာသာ”ဟု လူသိများကြသည်။
       ဂျိန်းဘာသာအယူဝါဒတွင် အသက်ဇီဝ(အတ္တ)သည် လူနှင့်တိရိစ္ဆာန်များတွင်သာ ရှိသည်မဟုတ်။ သစ်ပင်များနှင့် မြေ၊ လေ၊ ရေ၊ မီးဟူသော ဓာတ်ကြီးလေးပါးတို့တွင်လည်း အသက်ဇီဝရှိသည်ဟု ယုံကြည် လက်ခံသည်။ ယင်းအတ္တ၏ မူလသဘာဝအရ ဖြူစင်သန့်ရှင်းသည့် ဂုဏ်သတ်္တိရှိသော်လည်း ပြုလုပ်အားထုတ်မှု(ကမ္မ)များကြောင့် ညစ်နွမ်းရပြီး ဘ၀သစ်များ တစ်ခုပြီးတစ်ခု ဖြစ်နေရသည်။ ဤနည်းဖြင့် အတ္တသည် ကံကြောင့် ခန္ဓာကိုယ်တည်းဟူသော လှောင်အိမ်အတွင်း၌ ချုပ်မိနေတော့သည်။ ဘ၀အဆက်ဆက် ကူးပြောင်းခြင်းဖြင့် သံသရာလည်နေစေရန် အတ္တကိုကံက ဒဏ်ခတ်နေသည်။ ထို့ကြောင့် ဂျိန်းဘာသာဝင်များက ကံများကို ဒဏ်များဟု သတ်မှတ်ခေါ်ဝေါ်ကြသည်။ လောဘ၊ ဒေါသ၊ မာနနှင့် မာယာဟူသော ကိလေသာများသည် ရုပ်ခန္ဓာ၌ အတ္တချုပ်မိနေအောင် နှောင်ဖွဲ့ထားသောကံ၏ နှောင်ကြိုးများ ဖြစ်သည်ဟုဆိုသည်။
       ဒဏ်ဟုခေါ်သော ကံများကြောင့် အတ္တသည် အရောင်အဆင်းအမျိုးမျိုးရှိနေရသည်။ အသွင်သဏ္ဍာန် အမျိုးမျိုးဖြစ်နေရသည်။ ၀ဋ်ဆင်းရဲမှ လွတ်မြောက်လိုလျှင် ကမ္မများကို သုတ်သင် ချေမှုန်းရပေမည်။ ကမ္မများကို သုတ်သင်ချေမှုန်းရန် နည်းလမ်းမှာ ခန္ဓာကိုယ်ကို ပြင်းထန်စွာ နှိပ်စက်ညှင်းဆဲ၍ကျင့်ခြင်း “

အတ္တကိလမထာနုယောဂဟူသော အကျင့်ဖြစ်၏။ ထိုအကျင့်ကို ကျင့်သုံးရာ၌ အသက်သေသည့်အထိ ပြင်းထန်စွာ ကျင့်လေကောင်းလေပင် ဖြစ်၏။

       ဤသို့ကျင့်ခြင်းအားဖြင့် အတိတ်ကပြုကျင့်မိခဲ့သည့် ကံများ(ဒဏ်များ) ကုန်ခမ်းသွားပြီး ကံအသစ်(ဒဏ်အသစ်)များလည်း မဖြစ်နိုင်တော့ပေ။ ထိုအတ္တကိလမထာနုယောဂအကျင့်ကို ပြင်းထန်စွာ ကြိုးစားကျင့်ကြံခြင်းဖြင့် ဒဏ်များမှ ကင်းလွတ်သွားသောအခါ အတ္တသည် ပြိုးပြိုးပျက်ပျက် အရောင်အ၀ါများ ထွက်လာသည်။ ထိုကဲ့သို့ အနှောင်အဖွဲ့မှ လွတ်မြောက် သွားသော အတ္တသည် ဇိနတို့ ပျော်စံရာ စကြ၀ဠာ၏ အခေါင်အဖျားသို့ ရောက်ရှိသွားတော့သည်။ ဤသို့ လွတ်မြောက်မှုကို “ဇိနမုတ်္တိဟု ခေါ်သည်။
        ကမ္မများ(ဒဏ်များ)မကုန်သေးပါက ဇိနမုတ်္တိမဖြစ်သေးပေ။ သံသရာမှ မလွတ်မြောက်နိုင်သေးပေ။ လူ၊ နတ်၊ တိရိစ္ဆာန်ဘ၀များတွင် ကျင်လည်နေရသည်။ တစ်ဘ၀ပြီးတစ်ဘ၀ ကူးပြောင်းကာ ကမ္မများ(ဒဏ်များ)၏ ကောင်းကျိုးဆိုးကျိုးကို ခံစားနေရလေသည်။
        ဗုဒ္ဓဘာသာအရ တမလွန်ဘ၀ဖြစ်ပုံ
 အနတ္တ၀ါဒဖြစ်သော ဗုဒ္ဓဘာသာ အရမူ ကြောင်းကျိုးဆက်စပ်၍ ဖြစ်ပျက်နေသော ရုပ်နာမ်ဖြစ်စဉ်အပေါ်၌ အခြေခံလျက် နောက်ဘ၀ဖြစ်သည်ဟု ယုံကြည်ယူဆ၏။ ထို့ကြောင့် ဗုဒ္ဓ၀ါဒအရ တမလွန်ဘ၀ဖြစ်ရန် အတ္တ, အသက်ဝိညာဉ်ရှိဖို့ရန် မလိုအပ်ပေ။ သတ္တ၀ါသေပြီးနောက် ရှေးဘ၀၌ ဖြစ်ပေါ်ခဲ့သည့် အကြောင်း များကြောင့် နောက်ဘ၀၌ ရုပ်သစ်နာမ်သစ်အကျိုးအနေဖြင့် ဖြစ်ပေါ်သည်ကို တမလွန်ဘ၀ဟု ခေါ်ဝေါ်ခြင်းသာဖြစ်၏။ ဟိန္ဒူတို့၏ အတ္တမံကို လည်းကောင်း၊ ခရစ်ယာန်တို့၏ ဆိုးလ်ခေါ် ၀ိညာဉ်ကိုလည်းကောင်း ဗုဒ္ဓ၀ါဒက လက်မခံပေ။ ဘ၀ကူးပြောင်းစရာ အစေ့၊ အဆန်၊ အနှစ်အသား၊ အထည်ဒြပ်၊ အသက်၊ လိပ်ပြာဟူ၍ မရှိကြောင်း လက်ခံကြပါသည်။ သေခါနီးသတ္တ၀ါသည် မိမိပြုခဲ့ဖူးသည့် ကောင်းမှုကံ၊ မကောင်းမှုကံ တစ်ခုခုကိုဖြစ်စေ၊ ထိုကံကို ပြုလုပ်စဉ်က တွေ့ကြုံခဲ့ရသော အာရုံ(ကမ္မနိမိတ်)ကိုဖြစ်စေ၊ လားရောက်ရမည့် နောက်ဘ၀၏ အခြေအနေအမျိုးမျိုး(ဂတိနိမိတ်)ကိုဖြစ်စေ ထင်မြင် စွဲလမ်းလျက်ရှိနေသည်။ ထိုအာရုံများကို အလိုမရှိသော်လည်း ထိုအချိန်မျိုးတွင် ပယ်ဖျောက်၍ လည်းမရ။ ငြင်းပယ်၍လည်းမရပေ။ ယင်းသို့သော အာရုံနိမိတ်တစ်ခုခုကို စွဲလမ်းလျက်နှင့်ပင် နောက်ဆုံး စုတိစိတ်(သေစိတ်)ချုပ်ကာ သေဆုံးသွားရသည်။
       စုတိစိတ်(သေစိတ်)ပြတ်စဲသွားသည်နှင့် တစ်ပြိုင်နက် သေခါနီးက စွဲလမ်းခဲ့သည့် အာရုံနိမိတ်ကိုပင် ဆက်လက်ထင်မြင်လျက် ဘ၀သစ်၌ စိတ်သစ်စတင်ဖြစ်ပေါ်လာရပါသည်။ သေသွားသည့်သတ္တ၀ါသည် ရုပ်နာမ်နှစ်ပါးလုံး ပျက်စိးသွားပါသော်လည်း သေခါနီးတွင် စွဲလမ်းခဲ့သော ရှေးစိတ်တို့၏ စွမ်းအားအရှိန်အဟုန်ကြောင့် နောင်ဘ၀သစ်၌ စိတ်အသစ် ဆက်စပ်လျက် ဖြစ်သွားရပြန်ပါသည်။ ယင်းစိတ်ကို ရှေးဘ၀နှင့်နောက်ဘ၀ကို ဆက်စပ် ပေးသောကြောင့် ပဋိသန္ဓေစိတ်ဟု ခေါ်သည်။
       ပဋိသန္ဓေစိတ်သည် ရုပ်ရှိသည့် ဘုံဌာနတွင်ဖြစ်မူ ပဋိသန္ဓေစိတ်၏ တည်ရာမှီရာရုပ်များ (ကလာပ်စည်းများ)လည်း ကံစွမ်းအားကြောင့် ထိုပဋိသန္ဓေစိတ်နှင့်အတူ တစ်ပါးတည်း ဖြစ်ပေါ်လာသည်။ ဤသို့ ပဋိသန္ဓေစိတ် ဖြစ်ပေါ်လာလျှင် နောက်ကာလများ၌ သိစရာ၊ ထိစရာ၊ ကြားစရာ၊ မြင်စရာများကို သိနိုင်၊ ထိနိုင်၊ ကြားနိုင်သော အာရုံသိအင်္ဂါများ ဖြစ်ပေါ်လာသည်။ ထို့နောင့် ထိုအင်္ဂါများ ဖွံ့ဖြိုးပြည့်စုံလာပြီး မြင်,ကြားစသည့် သိစိတ်အမျိုးမျိုးတို့သည် အကြောင်းအားလျော်စွာ ဖြစ်ပေါ်လာကြသည်။

Sunday, July 29, 2012

ဗုဒ္ဓ၀ါဒနှင့် တမလွန်ဘ၀ ယုံကြည်မှု



ရုပ်ဝါဒအရ လူ(သို့မဟုတ်) သက်ရှိသတ္တ၀ါသည် မြူ(ရုပ်မှုန့်ရုပ်ခဲ)တို့၏ မတော်တဆ ပေါင်းစပ်မှုကြောင့် ပေါ်ပေါက်လာခြင်းဖြစ်၏။ စိတ်ဆိုသည်မှာလည်း ၎င်းင်းရုပ်တို့၏ ဖွဲ့စည်းမှု အမြင့်မားဆုံးအချိန်တွင် ရုပ်တို့၏ အရောင်ဟပ်မှုကြောင့် ပေါ်ထွက်လာခြင်းဖြစ်သည်ဟု ဆိုပါသည်။ ဤ၀ါဒအရ လူနှင့်တိရိစ္ဆာန်၊ တိရိစ္ဆာန်နှင့်အရာဝတ္ထုတို့တွင် မည်သည့်ခြားနားချက်မျှ မရှိ။ စိတ်ခံစားမှု၊ အလှအပဖန်တီးမှု၊ ကျင့်ဝတ်သိက္ခာစောင့်ထိန်းမှုစသည်တို့ကြောင့် လူသည် တိရိစ္ဆာန်ထက်ပို၍ သာလွန်မြင့်မြတ်သည်ဟုမဆိုနိုင်ပေ။ ရုပ်တို့၏ တိုးတက်မှု နိမ့်ခြင်း မြင့်ခြင်းသာ ကွာခြားပါသည်။ အခြားကွဲလွဲချက်မရှိချေ။ အရာရာသည် ရုပ်တုံးရုပ်ခဲမျှသာ ဖြစ်သည်ဟု ဆိုရပါတော့သည်။
       အထက်ဖော်ပြပါ ရုပ်ဝါဒအရ လူအပါအ၀င် သက်ရှိတို့သည် သေသည်၏အခြားမဲ့၌ ဘာမျှ မဖြစ်နိုင်တော့ချေ။ သေဆုံးပြီးလျှင် ပြတ်၍ နောင်ဘ၀ဟူ၍လည်း မရှိနိုင်ပေ။ နောင်ဘ၀ မရှိတော့သဖြင့် ငရဲ၊ နတ်ပြည်စသည်တို့သည်လည်း မရှိနိုင်ပေ။ တမလွန်ဘ၀ဆိုသည်ကို ၎င်းင်းဝါဒီများက လက်မခံကြပါချေ။ ထို့ကြောင့် ၎င်းင်းရုပ်ဝါဒီများအတွက် ဘာသာရေး ဆိုသည်မှာလည်း မည်သို့မျှအသုံးမ၀င် မလိုအပ်တော့ချေ။
       အမှန်အားဖြင့် တမလွန်ဘ၀ရှိသည်ဟူသော အယူအဆသည် အလွန်ရှေးကျသည့် ယုံကြည်ချက်တစ်ခုဖြစ်ပါသည်။ လူ့သဘာဝအရ လူတိုင်းသည် မသေလိုကြပေ။ ထာဝရရှင်သန် နေလိုကြသည်။ ထို့ကြောင့် သေရမည်ကို မလိုလားကြပေ။ သေရမည်ကို ကြောက်ကြသည်။ သို့သော် ““သဗ္ဗေ သင်္ခါရာ အနိစ္စာဟူသော ဒေသနာအရ မွေးဖွားလာတိုင်းသော သတ္တ၀ါမှန်သမျှ သေခြင်းကို ရှောင်လွဲ၍ မရနိုင်ပေ။ ရှောင်လွဲမရ၍ သေရလျှင် သေပြီးသည့်နောက်၌ ဘ၀တစ်ဖန် ဖြစ်လိုကြပြန်သည်။ အမြဲတမ်း ရှင်သန်နေလိုသော်လည်း အမြဲထာဝရရှင်သန်နေရန် မဖြစ်နိုင်သော အခါ သေပြီးသည့်နောက်တွင် ပြန်၍ရှင်သန်လိုကြပြန်သည်။ ဤသည်ကိုပင် ဘ၀တဏှာဟု ခေါ်၏။ ထိုသို့ ပြန်၍ရှင်သန်လိုသောကြောင့် အသက်ပြန်ရှင်ရေးကို အလေးထားစဉ်းစားခဲ့ကြရာမှ နောက်ဆုံးတွင် တမလွန်ဘ၀ရှိသည်ဟု လိုရာဘက်ကို ဆွဲ၍ ဆုံးဖြတ်ယုံကြည်ခဲ့ကြသည်။ သို့ဖြစ်၍ တမလွန်ဘ၀ယုံကြည်မှုသည် လူသားတို့၏ သဘာဝစိတ်ဓာတ် တစ်မျိုးဟု ဆိုနိုင်ပါသည်။
     ဗုဒ္ဓဘာသာတွင် ထေရ၀ါဒ၊ မဟာယာနစသည်ဖြင့် ဂိုဏ်းကွဲပေါင်းများစွာ ရှိသော်လည်း ဂိုဏ်းကွဲအားလုံးကပင် တမလွန်ဘ၀ရှိသည်ကို လက်ခံကြသည်။ ဘ၀ဆက်လက်ဖြစ်ပေါ်မှု (သံသရာ)နှင့် ပြုလုပ်မှု(ကမ္မ)သည် ဗုဒ္ဓ၀ါဒ၏ အခြေခံအုတ်မြစ်ဟု ဆိုရပေမည်။ ၎င်းင်းတို့ မရှိလျှင် ဗုဒ္ဓ၀ါဒမရှိနိုင်တော့ပေ။ ဘ၀ဆက်လက်ဖြစ်မှု(သံသရာ) မရှိလျှင် သံသရာမှ ထွက်မြောက်ရာတရား (နိဗ္ဗာန်)ဟူ၍လည်း မရှိနိုင်တော့ပေ။ ထို့ကြောင့် သံသရာကို ငြင်းပယ်ခြင်းသည် သံသရာမှ ထွက်မြောက်ရာနိဗ္ဗာန်ကို ငြင်းပယ်ခြင်းပင် ဖြစ်၍ နိဗ္ဗာန်ရောက်ကြောင်းတရားဖြစ်သော ဗုဒ္ဓ၀ါဒကို အခြေမှ တူးဖြိုသည်နှင့် မခြားပေ။
       ဗုဒ္ဓ၏ဟောကြားချက်များအနက် များစွာသောသုတ်္တန်တို့တွင် ဘ၀သံသရာအကြောင်းကို ပြဆိုထားသည်ကို တွေ့ရှိနိုင်ပါသည်။ ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက်  ပထမဦးစွာ အနေကဇာတိ သံသာရံ အစရှိသည်ဖြင့် ““ငါသည် ခန္ဓာအိမ်ကို တည်ဆောက်တတ်သည့် တဏှာလက်သမားကို ရှာဖွေခဲ့ရာ သဗ္ဗညုတဉဏ်တော်ကို မရနိုင်သေးသဖြင့် ဘ၀များစွာ သံသရာကာလပတ်လုံး ကျင်လည်ခဲ့ရပြီ၊ အဖန်ဖန်ပဋိသန္ဓေနေခြင်းသည် ဆင်းရဲလှစွာ၏၊ ခန္ဓာအိမ်ကို ကြိမ်ဖန်များစွာ ဆောက်လုပ်သည့် တဏှာလက်သမား၊ ယခုအခါ ငါသည် သင့်ကို တွေ့ပြီ၊ သင်သည် ငါ၏ခန္ဓာအိမ်ကို နောက်ထပ်ဆောက်လုပ်နိုင်မည် မဟုတ်တော့၊ အိမ်၏အခြင် ရနယ်အားလုံးကို ငါချိုးဖျက်ခဲ့ပြီ၊ အိမ်၏အထွတ်ကိုလည်း ငါဖျက်ခဲ့ပြီ၊ ဒိုင်းလွှားတို့ကိုလည်း ငါဖျက်ပြီးပြီ၊ ငါ၏စိတ်သည် ပြုပြင်စီရင်မှုကင်းသည့် နိဗ္ဗာန်သို့ မျက်မှောက်ပြုပြီးပြီ၊ အရဟတ္တဖိုလ်သို့ ရောက်ပြီဟူ၍ ကျူးရင့်တော်မူခဲ့သည်။
       အထက်ဖော်ပြပါ ““အနေကဇာတိ သံသာရံ””အစချီသော ဘုရားရှင်၏စကားတော်သည် ဘ၀ဆက်လက်ဖြစ်ပေါ်မှုကို အထင်အရှားပြဆိုနေပေသည်။ ထို့ပြင် ၎င်းင်းဒေသနာတော်တွင်-
၁။ ဘ၀များစွာ သံသရာကာလပတ်လုံး ကျင်လည်ခဲ့ရပြီဆိုသော စကားရပ်၊
၂။ အဖန်ဖန်ပဋိသန္ဓေနေရခြင်းသည် ဆင်းရဲ၏ဟူသော စကားရပ်၊
၃။သင်တဏှာလက်သမားသည် ငါ၏ခန္ဓာအိမ်ကို နောက်ထပ်တစ်ဖန် ဆောက်လုပ်နိုင် တော့မည်မဟုတ်ဟူသော စကားရပ်များသည် ဘ၀ဆက်လက်ဖြစ်ပေါ်မှုကို ဘုရားရှင်လက်ခံတော် မူကြောင်းကို ပြသနေပါသည်။
       ထိုမှတစ်ဖန် “သောတာပန်ပုဂ်္ဂိုလ်သည် မြင့်မြတ်သော ဘုံဘ၀တွင် ခုနှစ်ကြိမ်သာ ပြန်လည်မွေးဖွားရသည်။ သတ္တ၀ါတို့သည် တစ်ဘ၀ပြီးတစ်ဘ၀ ကျင်လည်ရကုန်၏။ဟူသော စကားရပ်တို့ကိုလည်း နေရာများစွာတို့၌ ဟောကြားထားကြောင်းတွေ့ရသည်။
       ထို့ပြင် ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့သော အချို့သောသုတ်တော်များ၊ ပဋိစ်္စသမုပ္ပါဒ်တရားတော်၊ ပေတ၀တ္ထု၊ ၀ိမာန၀တ္ထု၊ အပါဒါန်ပါဠိတော်များ၊ ဓမ္မပဒ၀တ္ထုတော်များ၊ ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်များစသည်တို့တွင်လည်း တမလွန်ဘ၀ သဘောတရားများကို တွေ့ရှိနိုင်ပါသည်။ ယင်းသို့သော အထောက်အထားများအရ ဗုဒ္ဓသည် ဘ၀ဆက်လက်ဖြစ်မှု (သံသရာ)ကို လက်ခံဟောပြောသူဖြစ်ကြောင်း၊ ဗုဒ္ဓ၏၀ါဒသည်လည်း သံသရာကို လက်ခံသော ၀ါဒဖြစ်ကြောင်း သိနိုင်ပါသည်။

Friday, July 27, 2012

ဘ၀သံသရာကျင်လည်ပုံ



ဗုဒ္ဓသည်လည်းကောင်း၊ ဗြဟ္မဏ၀ါဒီစသည်တို့သည်လည်းကောင်း ဘ၀သံသရာ ကျင်လည်ရသည်ကို လက်ခံယုံကြည်ကြသည်။ သို့ရာတွင် လက်ခံယုံကြည်ပုံခြင်းကား တစ်ဦးနှင့် တစ်ဦး မတူညီကြပေ။ သဿတ၀ါဒီတို့အလိုအရ သံသရာဟူသည် ရုပ်ကိုဖြစ်စေ၊ နာမ်ကိုဖြစ်စေ၊ ရုပ်နာမ်နှစ်ပါးလုံးကိုဖြစ်စေ အနှစ်အမတေကဲ့သို့ ခိုင်မာတည်ရှိသော အတ္တဟုလည်းကောင်း၊ စိတ်ဝိညာဉ်ကို အနှစ်အမတေကဲ့သို့ ခိုင်မာတည်ရှိသော အတ္တဟုလည်းကောင်း၊ အချို့ကမြင်မှု၊ ကြားမှု၊ နံမှုစသည်ကို စီရင်ချက်ပေးနေသောအရာကို အတ္တဟုလည်းကောင်း ယူဆ၍ ယင်းအတ်္တ သည် သေဆုံးပျက်စီးခြင်းမရှိဘဲ အမြဲတည်ရှိလျက် ခန္ဓာကိုယ်တစ်ခုမှ တစ်ခုသို့ တစ်ဘ၀မှ တစ်ဘ၀သို့ ပြောင်းရွေ့ကျင်လည်နေခြင်းဖြစ်သည်။
       တစ်စုံတစ်ယောက်သောသူသည် မိမိရွာမှထွက်၍ အခြားတစ်ရွာသို့ ၀င်သကဲ့သို့ ထို့အတူ အသက်ဇီဝ(အတ္တ)သည် မိမိကိုယ်အတ္တဘောမှ ထွက်၍ အခြားကိုယ်အတ္တဘောသို့ ၀င်၏။ တစ်စုံတစ်ယောက်သောသူသည် မိမိအိမ်မှထွက်၍ အခြားအိမ်သို့ ၀င်သကဲ့သို့ ထို့အတူ အသက် ဇီဝ(အတ္တ)သည် မိမိကိုယ်အတ်္တဘောမှထွက်၍ အခြားကိုယ်အတ္တဘောသို့ ၀င်၏။ ဤသို့ဖြင့် ဗြဟ္မဏ ၀ါဒီတို့သည် အတ္တ၏ ခန္ဓာကိုယ်တစ်ခုမှ တစ်ခုသို့ ဘ၀သစ်တစ်ခုမှ တစ်ခုသို့ ပြောင်းရွေ့ ကျင်လည်နေရသည်ကို ဘ၀သံသရာ ကျင်လည်သည်ဟု လက်ခံယုံကြည်ကြသည်။
       ဗုဒ္ဓတရားတော်အရ ဘ၀သံသရာဟူသည် ခန္ဓာ အာယတန ဓာတ်ဟူသော ရုပ်နာမ်တရား တို့၏ အမြဲမပြတ် ဖြစ်ပျက်နေသော အစဉ်သာဖြစ်သည်။ ဗုဒ္ဓဒေသနာအရ လက်ဖျစ်တစ်တွတ် လျှပ်တစ်ပြတ်ကာလအတွင်း၌ ရုပ်တရားတို့သည် ကုဋေပေါင်း (၅၈၀၀)ကျော်၊ နာမ်တရားတို့သည် ကုဋေပေါင်း (၁)သိန်းကျော် ဖြစ်ပျက်နေသည်။ အ၀ိဇ္ဇာ ဥပါဒါန်စသော အကြောင်းတရားများကို အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ မပယ်သတ်နိုင်သေးသမျှ ပစ္စုပ္ပန်ဘ၀၌ ရုပ်နာမ်တရားတို့ စဉ်ဆက် မပြတ် ဖြစ်ပျက်နေသည့်နည်းတူ အတိတ်ဘ၀ အနာဂတ်ဘ၀တို့၌လည်း ရုပ်နာမ်တရားတို့သည် ဖြစ်ပျက်အစဉ်ဖြင့် များစွာဖြစ်ပျက်နေကြမည်သာဖြစ်သည်။ ယင်းကဲ့သို့ ခန္ဓာ အာယတန ဓာတ် ဟူသော ရုပ်နာမ်တရားတို့၏ စဉ်ဆက်မပြတ် ဖြစ်ပျက်နေသောအစဉ်သည် ဗုဒ္ဓအလိုအရ ဘ၀ သံသရာဖြစ်သည်။

မိလိန္ဒမင်းကြီး၏ ဘ၀သံသရာပြဿနာ



မိလိန္ဒမင်းကြီးသည် ဘ၀သံသရာနှင့် ပတ်သက်၍ ရှင်နာဂသိန်မထေရ်အား အောက်ပါအတိုင်း မေးမြန်းခဲ့ဖူးလေသည်။
       ““အရှင်ဘုရား “သံသရာ၊ သံသရာဟူ၍ ပြောနေကြရာ “သံသရာဟူသည် အဘယ်ပါနည်း””
       ““မင်းကြီး ဤဘ၀၌ မွေးဖွား၍ ဤဘ၀၌ သေ၏။ ဤဘ၀၌ သေ၍ အခြားဘ၀၌ တစ်ဖန်မွေးဖွား ပြန်၏။ တစ်ဖန် ထိုဘ၀၌ မွေးဖွား၍ ထိုဘ၀၌ သေ၏။ ထိုဘ၀၌လည်း သေ၍ အခြားဘ၀၌ ဖြစ်ပြန် မွေးပြန်၏။ ဤသို့ အစအဆုံးမရှိ လှည့်လည်ဖြစ်နေ(မွေးနေ)ရခြင်း၊ သေနေရခြင်းသည် သံသရာမည်ပေ၏။
       ““အရှင်ဘုရား ဥပမာပေး၍ ရှင်းပြတော်မူပါဦး””
       ““မင်းကြီး ဥပမာအားဖြင့် လူတစ်ယောက်သည် သရက်သီးမှည့်တစ်လုံးကို စားပြီး အစေ့ကိုစိုက်၏။ ထိုသရက်စေ့မှ ကြီးစွာသော သရက်ပင် ဖြစ်လာပြီး သရက်သီးများ သီးလေ၏။ ထို့နောက် ထိုသူသည် ထိုသရက်ပင်မှ သရက်သီးမှည့်ကို စားပြီး သရက်စေ့ကို စိုက်ပြန်၏။ ထိုသရက်စေ့မှလည်း တစ်ဖန် ကြီးစွာသော သရက်ပင်ဖြစ်လာပြီး သရက်သီးများ သီးပြန်လေ၏။ ဤသို့လျှင် ထိုသရက်ပင်တို့၏ အစအဆုံးသည် မထင်ပေ။ ထို့အတူပင် သတ္တ၀ါတို့သည် ဘ၀တစ်ခုပြီးတစ်ခု ဆက်ကာဆက်ကာ အစအဆုံးမရှိ လှည့်လည်ဖြစ်နေခြင်း၊ သေနေခြင်းသည် “သံသရာမည်ပေ၏။