Thursday, January 26, 2012

မြတ်စွာဘုရား ပဋိသန္ဓေယူခြင်းနှင့် ပတ်သက်၍ တိ-မွေးကုဆရာဝန်တစ်ယောက်နဲ့ ဆွေးနွေးဖြစ်ခဲ့ပုံ

မှတ်မှတ်ရရ ၂၀၀၉ ခုနှစ်။ ချင်းတောင်တန်းကို သွားခဲ့တုန်းက တိ-မွေးကုဆရာဝန်တစ်ယောက်နဲ့ ဘာသာရေးအကြောင်းတွေ ပြောဖြစ်ခဲ့တယ်။ တစ်နေ့ ကျောင်းမှာ စကားစပ်မိတာနဲ့ မြတ်စွာဘုရား၏ ပဋိသန္ဓေယူတာနဲ့ ပတ်သက်ပြီးတော့ သူက မေးတယ်။
=အရှင်ဘုရား မြတ်စွာဘုရားက ၀ါဆိုလပြည့်နေ့မှာ ပဋိသန္ဓေယူတာနော်။
=ဟုတ်ပါတယ်။ ဘာလို့လဲ။
=တပည့်တော်ကို တချို့က ပြောဖူးတယ်။ မြတ်စွာဘုရားက နတ်ပေးတဲ့သား။ မေထုန်မဲ့သားဆိုပြီး ပြောဖူးတယ်။ တပည့်တော် မရှင်းဘူးဖြစ်နေတယ်။
အရှင်ဘုရား ၀ါဆိုလပြည့်နေ့မှာ မယ်တော်မာယာဟာ ဥပုသ်စောင့်ထားတာ မဟုတ်ဘူးလား။ ရှစ်ပါးသီလထဲမှာ ကာမေသုမိစ္ဆာစာရ(မေထုန်မှုမှ ရှောင်ကြဉ်ခြင်း) သီလပါတယ်လေ။ အဲဒီနေ့က သီလစောင့်ထားလျှက်နဲ့ သီလကျိုးတာလား။
ဆရာဝန်က သူ့စဉ်းစားမိတာလေးတွေကို တင်ပြတယ်။
=ဒကာကြီး။ ဟုတ်ပါတယ်။ အဲဒီနေ့ ရှစ်ပါးသီလ စောင့်ထားတယ်။ သီလမချိုးပါဘူး။ သီလလဲမကျိုးပါဘူး။ မယ်တော် မာယာဟာ ၀ါဆိုလဆန်း (၉)ရက်နေ့ ကနေ ၀ါဆိုလဆန်း(၁၄)ရက်နေ့အထိ (၆)ရက်တိုင်တိုင် သေရည်သေရက်သောက်စားခြင်းမပါတဲ့ ပွဲလမ်းသဘင်တခုကို ဆင်နွဲတယ်။ နောက်နေ့ ၀ါဆိုလပြည့်နေ့ရောက်တော့ စောစောစီးစီးကိုယ်လက်သန့်စင်ပြီး ရှစ်ပါးသီလဆောက်တည်ပြီး နေလိုက်တယ်။ ညရောက်တော့ ဘုရားအလောင်း သေတကေတုနတ်သား နတ်သက်ကြွေစုတေတော်မူပြီး ၀ါဆိုလပြည့်၊ ကြာသာပတေးနေ့မှာ ဘုရားလောင်းတော် ပဋိသန္ဓေယူတော်မူပါတယ်။
=ဆရာဝန်က ကြားဖြတ်ပြီးပြောတယ်။ အဲဒီမှာ တပည့်တော် မရှင်းတာပဲ။ အဲဒီနေ့ သုဒ္ဓေါဓနမင်းကြီးနဲ့လဲ မေထုန်မှု မပြုဘူး။ ပြုတယ်ဆိုရင်လဲ မယ်တော်မာယာ သီလကျိုးသွားပြီ။
=ဒီလိုရှိတယ် ဒကာကြီး လူသားတစ်ယောက် ပဋိသန္ဓေယူဖို့အတွက် အချက်သုံးချက်လိုတယ်။
၁။ အမိနှင့်အဖ(ယောက်ျားမိန်းမ) ကူးလူးဆက်ဆံခြင်း
၂။ အမိဝမ်းတွင်းသို့ ရောက်ထိုက်သော သတ္တ၀ါ အဆင်သင့်ရှိခြင်း
၃။ မိခင်(အမျိုးသမီး)၏ ဥတုဓမ္မတာလာပြီးစဖြစ်ခြင်း ဆိုတဲ့ ဒီအချက်သုံးချက်လိုတယ်။

မယ်တော်မာယာဟာ ၀ါဆိုလပြည့်နေ့ မတိုင်ခင်ကတည်းက မင်းကြီးနဲ့ မှီဝဲထားပြီးသား။ တစ်ကြိမ်မှီဝဲထားရင် သုတ်သွေး သုတ်ကောင်တွေဟာ ၇- ရက်ထိ အသက်ရှင်နိုင်တယ်ဆိုတာ ဦးဇင်းတို့ စာပေမှာ ပြထားတာရှိတယ်။ ဆေးပညာအရလဲ သုတ်ကောင်တွေဟာ ၃၆ နာရီအထိ အသက်ရှင်နိုင်တယ်ဆိုတာ ပြောထားတယ်။ ဒါကြောင့် ၀ါဆိုလပြည့်နေ့မှာ မေထုန်မှီဝဲတာလဲမဟုတ်ဘူး။ အရင်နေ့က သုတ်ပိုးတွေက ၀ါဆိုလပြည့်နေ့အထိ အသက်ရှင်ပြီးတော့ ဘုရားလောင်း ပဋိသန္ဓေယူတာပါ။ မေထုန်မဲ့သားလဲ မဟုတ်ပါဘူး။ နတ်ပေးတဲ့သားလဲ မဟုတ်ပါဘူး။ မယ်တော်မာယာလဲ သီလမကျိုးခဲ့ပါဘူး။
=အော်…ဟုတ်သားပဲ ဘုရား။ တပည့်တော် ဆရာဝန်ဖြစ်ပြီးတော့ သုတ်သွေး၊ သုတ်ကောင်အကြောင်းကို မစဉ်းစားမိဘူးဖြစ်နေတယ်။ ဟုတ်တယ်ဘုရား။ ရှင်းသွားပြီဘုရား။

No comments:

Post a Comment