ယနေ့ခေတ်
သိပ္ပံပညာ၏ အံ့သြစရာကောင်းလောက်အောင် အောင်မြင်မှုများကို အကြောင်းပြု၍ သိပ္ပံပညာသည် အရာရာကို
ဖြေရှင်းပေးနိုင်သည်ဟု ထင်မြင်ကြသည်။ သို့သော် သိပ္ပံပညာသည် ရုပ်၏ သဘောတရားတို့ကိုသာ
လေ့လာသိနားလည်၍ နာမ်ဟုခေါ်သော စိတ် စေတသိက်တို့၏ သဘောတရားကို နားမလည်နိုင်သေးပေ။ ရုပ်သည်
မသိတတ်သော သဘော တရားဖြစ်၍ နာမ်သည်ကား သိတတ်သော သဘောတရားဖြစ်၏။ ရုပ်နှင့်နာမ်တို့တွင်
နာမ် တရားက ပို၍အစွမ်းထက်၏။ ““စိတ္တေန နီယတိ လောကော”” စိတ်သည် လောကကို
ဦးဆောင် လွမ်းမိုး၏ ဟူသော ဘုရားရှင်၏ စကားရှိသည် မဟုတ်လော။ သိပ္ပံပညာဟူသည် ရုပ်၏ သဘော
တရားများကို သိနားလည်သော အသိဉဏ်ဖြစ်၍ ထိုအသိဉဏ်သည်လည်း စိတ်၌တည်သည်။ ထို့ကြောင့် သိပ္ပံပညာဟူသည်
စိတ်ဦးဆောင်သော နာမ်တရား၏ အစွမ်းသတ်္တိပင် ဖြစ်သည်။ သိပ္ပံပညာာ၏ အစွမ်းထက်ခြင်းသည်လည်း
နာမ်တရား၏ အစွမ်းထက်ခြင်းဟု ခေါ်ဆိုနိုင်သည်။
တိုးတက်နေသော သိပ္ပံကိရိယာများသည် စိတ်ကိုရှာဖွေရန်
မတတ်နိုင်ပေ။ စိတ်ထက် ပို၍နူးညံ့လှသော စေတသိက်များကိုလည်း မစမ်းသပ်နိုင်ပေ။ ဗုဒ္ဓအဘိဓမ္မာအရ
ပဋိသန္ဓေတည် ခြင်းကိစ္စတွင် ကံ၏အစွမ်းသတ်္တိပါဝင်နေသည်။ ထိုကံတရားနှင့် ပက်သက်၍ သိပ္ပံပညာသည်
မစမ်းသပ် မဖော်ပြနိုင်ပေ။ သိပ္ပံပညာအရ ပန်းတစ်ပွင့်၏ ၀တ်မှုန်သည် ထိုပန်းပွင့်၏ ၀တ်ဆံ
အတွင်း၌ရှိသော ၀တ်မှုန်ခံပေါ်သို့ ကျရောက်သွားလျှင်ဖြစ်စေ၊ အခြားမျိုးတူပန်းပွင့်၏ ၀တ်ဆံ
အတွင်းရှိ ၀တ်မှုန်ခံပေါ်သို့ ကျရောက်သွားလျှင်ဖြစ်စေ ၀တ်မှုန်ကူးခြင်းကိစ္စ ဖြစ်နိုင်၍
ထိုမှတဆင့် အသီးအစေ့ ဖြစ်ပေါ်လာသည်ကို သိရှိထားကြပြီးဖြစ်သည်။ ထို့အတူပင် သက်ရှိတ္တ၀ါများတွင်
အဖို၏သုတ်ကောင်နှင့် အမ၏ မျိုးဥတို့ ပေါင်းစပ်ကြသောအခါ သန္ဓေလောင်း ဖြစ်ပေါ်လာသည်။ ထို့နောက်
ကလာပ်စည်းခေါ်သော ဆဲလ်များ အဆင့်ဆင့် ကွဲပြားလာခြင်းဖြင့် သန်းပေါင်းများစွာ သော ဆဲလ်တို့ပေါင်းစုထားသော
သတ္တ၀ါကလေး ဖြစ်ပေါ်လာသည်ဟု လေ့လာဖော်ပြကြသည်။
ဗုဒ္ဓအဘိဓမ္မာနည်းအရ လူသတ္တ၀ါသည် ခန္ဓာငါးပါး (သို့မဟုတ်)
ရုပ်နာမ်နှစ်ပါးတို့၏ အပေါင်းအစုမျှသာ ဖြစ်သည်။ ရုပ်သည် ရုပ်ပိုင်းဆိုင်ရာ နိယာမအတိုင်း
လိုက်နာ၍ နာမ်သည် နာမ်ပိုင်းဆိုင်ရာ နိယာမများကို လိုက်နာကြရမည်ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ
အနေဖြင့် ကြည့်ပါက ပန်းပွင့်၌ ၀တ်မှုန်ကူးခြင်းနှင့် လူတို့၌ သန္ဓေအောင်ခြင်းတို့သည်
ဆင်တူကြ၏။ သို့သော်လည်း ပန်းပွင့်၊ သစ်သီး၊ သစ်ပင်တို့၌ နာမ်တရားခေါ် စိတ်မပါဝင်ပေ။
ရုပ်တရား သက်သက်သာ ဖြစ်၏။ လူတို့၌ကား ရုပ်နာမ်နှစ်ပါးစုံ ပါဝင်သည်။ နာမ်တရားများ ဖြစ်ကြသော
မှတ်သားမှုသညာ၊ ခံစားမှုဝေဒနာ၊ စေ့ဆော်မှုစေတနာ၊ သိမှုဝိညာဉ်တို့သည် သန္ဓေတည်သည်နှင့် တပြိုင်နက်
ဖြစ်ပေါ်လာကြောင်းကို ဗုဒ္ဓအဘိဓမ္မာက ဖော်ပြထားသည်။
သိပ္ပံပညာသည်ကား မည်သည့်အရွယ် မည်သည့်အချိန်တွင်
သန္ဓေလောင်း၌ အသက် စတင်ဖြစ်ပွားသည်ကို တိတိကျကျ မဖော်ပြနိုင်သေးပေ။ သိပ္ပံပညာရှင်တို့၏
““ရက်သတ်္တပတ် သုံးပတ်အရွယ်၌ နှလုံးစခုန်ပြီး ဦးနှောက်စတင်ဖြစ်ပွားသည်””
ဟူသောအဆိုသည် ရုပ်ရောနာမ်ပါ အတူတကွ ဖြစ်သည်ဟူသော ဗုဒ္ဓအဘိဓမ္မာဖော်ပြချက်နှင့် နီးစပ်မှုရှိပါသည်။
သို့သော်လည်း ကံစွမ်းအင်နှင့် နာမ်သဘောတရားကို နားမလည်သော သိပ္ပံပညာရှင်တို့အဖို့ သန္ဓေတည်သည်နှင့်
တပြိုင်နက် ရုပ်နာမ်နှစ်ပါး ပါဝင်သည်ဟူသော အချက်ကို သိရှိနားလည်ရန် ခက်ခဲပေလိမ့်မည်။
ပဋိသန္ဓေတည်စအချိန်၌ ကလာပ်စည်းခေါ် ဆဲလ်တစ်ခုသာ ရှိသည့် သန္ဓေလောင်းသည် တဖြည်းဖြည်းနှင့်
ဆဲလ်မျိုးကွဲပေါင်း နှစ်ရာခန့်နှင့် ဆဲလ်အရေအတွက်ပေါင်း သန်းပေါင်းများစွာ အဖြစ်သို့
အဆင့်ဆင့် ကွဲသွားပြီးလျှင် တူရာဆဲလ်များ အချင်းချင်း စုစည်းကြလျှက် ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို
ဖြစ်စေသည် ဟူသော အချက်တို့ကို သိပ္ပံပညာက သိပြီးဖြစ်သည်။ ဗုဒ္ဓသည်ကား ထိုအကြောင်းတို့ကို
လွန်ခဲ့သောနှစ်ပေါင်း (၂၅၀၀) ကျော်ကပင် သဗ္ဗညုတဉဏ်တော်ဖြင့် ဖော်ထုတ်ဟောကြာခဲ့ပြီး ဖြစ်ပေသည်။
အချုပ်အားဖြင့် ဆိုရသော် သိပ္ပံပညာသည် ဗီဇနိယာမကိုသာ လေ့လာနိုင်စွမ်းရှိပြီး ကမ္မနိယာမခေါ်
ကံစွမ်းအင်ကို မလေ့လာနိုင်သေးပေ။ ဗုဒ္ဓအဘိဓမ္မာသည်ကား ဗီဇနိယာမနှင့် ကမ္မနိယာမတို့ အကြောင်းကို
ပြည့်ပြည့်စုံစုံ ဖော်ပြနိုင်စွမ်း ရှိပေသည်။
No comments:
Post a Comment