ပေါက္ခရသာတိပုဏ္ဏားသည်
ဘုရားရှင် လက်ထက်တွင် ထင်ရှားသောပုဏ္ဏားတစ်ဦးဖြစ်သည်။ ထိုပုဏ္ဏားသည် ပဒုမ္မာကြာပွင့်၌
သံသေဒဇပဋိသန္ဓေနေ၍ မွေးဖွားလာသော လူသားတစ်ဦးဖြစ်သည်။ ဟိမ၀န္တာတောအရပ်ရှိ ရေအိုင်ကြီးတစ်အိုင်အတွင်း
ပဒုမ္မာကြာပွင့်ကြီးတစ်ခု၌ သန္ဓေတည်မွေးဖွားလာခဲ့ခြင်းဖြစ်သည်။ ထိုရေအိုင်ကြီးအနီးအနားတွင်
တောနေရသေ့တစ်ပါး သီတင်းသုံးနေ၏။ တစ်နေ့သောအခါ ထိုရသေ့သည် ရေကန်ထဲရှိ ကြာဖူး ကြာပွင့်တို့အနက်
တစ်ခုသောကြာဖူးသည် အခြားသော ကြာဖူးတို့ထက် ပို၍ကြီးထွားနေကြောင်း တွေ့ရလေသည်။ ထိုကြာဖူးပွင့်လျှင်
ခူးဆွတ်မည်ဟု ကြံစည်ထား၏။ သို့သော် ထိုကြာဖူးသည် (၇) ရက်လွန်သော်လည်း မပွင့်ဘဲ ငုံမြဲငုံနေ၏။
ရသေ့သည် ပွင့်အောင်မစောင့်တော့ဘဲ ရေကန်ထဲ ဆင်း၍ ခူးယူလိုက်သောအခါ ညှာတံကို ကိုင်လိုက်သည်နှင့်တပြိုင်နက်
ပွင့်လာလေသည်။
ထိုကြာပွင့်ထဲတွင် ရွှေအဆင်းနှင့်တူသော သူငယ်လောင်းကို
ရသေ့တွေ့သွားလေသည်။ ရသေ့သည် သူငယ်၏ ဘုန်းတန်ခိုးကြီးမားမည့် လက္ခဏာတို့ကို တွေ့ရ၍ ကျောင်းဆောင်သို့
ခေါ်လာပြီးမွေးစားထားလေသည်။ ထိုသူငယ်၏နာမည်ကိုလည်း ပဒုမ္မာကြာပွင့်၌ ပဋိသန္ဓေနေ၍ မွေးဖွားလာခဲ့ခြင်းကြောင့်
““ပေါက္ခရသာတိ”ဟုအမည်ပေးခဲ့သည်။
ပေါက္ခရသာတိပုဏ္ဏားသည် အရွယ်ရောက်လာပြီး ကြီးပြင်းလာသည်နှင့်အမျှ
ဆရာသမား တို့၏ သင်ပြပြောဆိုဆုံးမမှုကြောင့် ပုဏ္ဏားတို့တတ်အပ်သည့် ဝေဒကျမ်းတို့နှင့်
လက္ခဏာဗေဒင် စသော အတတ်တို့ကို ပါရဂူမြောက်တတ်မြောက်ခဲ့လေသည်။ အနယ်နယ်အရပ်ရပ်မှ ပုဏ္ဏားလုလင်တို့သည်
ဗြဟ္မဏဆိုင်ရာ အတတ်ပညာတို့ကို သင်ယူရန်အတွက် ပေါက္ခရသာတိပုဏ္ဏားကြီးထံသို့ လာရောက်ကြသည်။
ထို့ကြောင့် ပုဏ္ဏားတို့အသိုင်းဝိုင်းတွင် ဆရာကြီး တစ်ဆူဖြစ်လာသည်။ ကောသလမင်းကြီးသည်လည်း
ထိုပုဏ္ဏားကြီး၏ အတတ်ပညာတို့ကို လေးစားသောအားဖြင့် ဥက္ကဋ္ဌမြို့ကို အပိုင်စားပေးတော်မူ၍
မြို့စားအဖြစ်ခန့်အပ်လေသည်။ ထိုပုဏ္ဏားကြီးသည် အစတွင် ဗြာဟ္မဏ၀ါဒရှိသူ တစ်ဦးဖြစ်သော်လည်း
ဘုရားရှင်နှင့်တွေ့ဆုံပြီးနောက်တွင် ဗြာဟ္မဏ၀ါဒကို စွန့်လွှတ်ခဲ့ပြီး ဗုဒ္ဓဘာသာအဖြစ်ခံယူခဲ့သည်။
No comments:
Post a Comment