စိပ်ပုတီးနှင့် ပတ်သက်သောအကြောင်းကို
ပိဋကတ်တော် နိကာယ်ငါးရပ်တို့၌ ဟောပြထားခြင်း မရှိခြေ။ ဗုဒ္ဓဘာသာတို့က ကမ္မဋ္ဌာန်းဘာဝနာ
စီးဖြန်းသောအခါ စိပ်ပုတီးကို အကူအညီယူ၍ စီးဖြန်းကြသည်။ ထို့ပြင် ပုတီးစိပ်ခြင်းသည်
စိတ်တည်ငြိမ်မှု ရရန်၊ သမာဓိပွားများရန် အားထုတ်သည့် အလုပ်တစ်ခု ဖြစ်ပါသည်။ မြန်မာအဘိဓာန်၌
စိပ်ပုတီးကို…
“လည်၌ဆွဲရန်အတွက် ပစ္စည်းဝတ္ထုများကို သီတွဲကုံးဆက်ထားသည့်
အဆင်တန်ဆာ”ဟု ဖွင့်ဆို၍ ပုတီးစိပ်ခြင်းကို “ဘုရားဂုဏ်တော်စသည်တို့ကို ပွားများရာ၌ စိတ်ကို
မပျံ့လွင့်စေရန် အများအားဖြင့် တစ်ရာ့ရှစ်လုံးရှိသော ပုတီးဖြင့် တစ်လုံးချင်း မှတ်သားတွက်ချသည်”ဟု
ဖွင့်ဆိုထားသည်။
ပုတီးစိပ်ခြင်းသည်
ဗုဒ္ဓဘာသာ၌သာမကဘဲ အခြားသော ဘာသာများတွင်လည်း ရှိသည်။ ဟိန္ဒူတို့သည် ဂါထာမန္တန်ရွတ်ဖန်၍
ပုတီးစိပ်ကြသည်။ ဗုဒ္ဓဘာသာတို့ကမူ ဂုဏ်တော်ရွတ်ပွား၍လည်းကောင်း၊ အာရုံပြု၍လည်းကောင်း
ပုတီးစိပ်ကြသည်။ ပုတီးစိပ်၍ ဂုဏ်တော်ပွားခြင်း၊ လက္ခဏာရေးစသော တရားတို့ကို ပွားများခြင်းတို့သည်
ကောင်းမြတ်မှန်ကန်သော အလုပ်ပင်ဖြစ်ပေသည်။
ပုတီးကို
ရှေးခေတ်က တရုတ်နှင့် ပီရူးနိုင်ငံများတွင် ချည်ကြိုးဖြင့် အထုံးပြုလုပ်ပြီး မှတ်တမ်းမှတ်ရာ
သဘောအဖြစ် အသုံးပြုခဲ့သည်။ တဖန် ဟိန္ဒူ၊ ဂျိန်း စသော ဘာသာခြားတို့ကလည်း သစ်စေ့၊ ၀ါးစေ့၊
ဖန်၊ ကျောက် စသည်တို့ဖြင့် ပုတီးပြုလုပ်ကာ အသုံးပြုခဲ့ကြသည်။ ဂိုဏ်းသမားတို့ကမူ ဂိုဏ်းသုံးပစ္စည်းအဖြစ်
အသုံးချကြ၏။ မြန်မာနိုင်ငံတွင် အဆင်တန်ဆာပုတီးကို ပုဂံခေတ် မတိုင်မီ ပျူခေတ်ကပင် တွင်ကျယ်စွာ
သုံးစွဲနေကြ၏။ ဘာသာရေးအသုံးအဆောင် ပုတီးကိုကား နှောင်းခေတ်ရောက်မှ သုံးစွဲကြခြင်းဖြစ်သည်။
ထိုဘာသာရေးအသုံးအဆောင် စိပ်ပုတီးကို ဟိန္ဒူတို့ထံမှ နည်းယူ၍ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
ပုဂံခေတ်
အပါယ်ရတနာ လှိုင်ဂူဘုရားအတွင်း၌ တွေ့ရသော နံရံဆေးရေး ပန်းချီကားတွင် ဟိန္ဒူရသေ့ကြီးများဟု
ယူဆရသော ရသေ့ကြီးများနှင့် တိတ္ထိကြီးများသည် စိပ်ပုတီးများကို ကိုင်ဆောင်ထားကြသည်ကို
တွေ့ရသည်။ စိပ်ပုတီးကိုင်၍ မန္တန်ရွတ်ဆိုနေဟန်ရှိ၏။ အင်းဝခေတ်တွင် ဗုဒ္ဓဘာသာဝင်တို့ စိပ်ပုတီးကို
ပို၍ အသုံးပြုလာကြသည်။ အင်းဝခေတ် ရာဇာဓိရာဇ်နှင့် စာကြိုသူမြတ်တို့ တွေ့ဆုံပွဲတွင်
သီတင်းသည် သုံးရာတို့က စိပ်ပုတီးကိုယ်စီဖြင့် လိုက်ပါရကြောင်း သမိုင်း၌တွေ့ရသည်။
ယနေ့ခေတ်တွင်
စိပ်ပုတီးနှင့် ပတ်သက်၍ ယုံကြည်မှုထွေပြားလာသည်ကို တွေ့ရသည်။ နာမ်သားပုတီး၊ ဂြိုဟ်တိုင်ပုတီး၊
ဓာတ်သားပုတီး၊ ပန်းပေါင်းပုတီး၊ ဂမုန်းပုတီးစသည့်ဖြင့် မိမိတို့ စိတ်ကူးပေါ်ရာ တီထွင်၍
အသုံးပြုလာကြသည်။ ပုတီးကို ရေစိမ်သောက်လျှင် ရောဂါပျောက်ကင်းသည်စသည်ဖြင့်လည်း ယုံကြည်လာကြသည်။
အချို့သောပုဂ္ဂိုလ်တို့ကမူ ပုတီးခေါင်းမှ ကြိုးအဖျားကိုကိုင်ကာ အသက်ဝင်လာသယောင် တောင်ရမ်းမြောက်ရမ်းလုပ်ပြီး
ဟောကိန်းထုတ်ကြသည်။ ဘိုးဘိုးအောင် ဘိုးမင်းခေါင်စသော ဘိုးတော်ပုံတို့ကို စိပ်ပုတီးနှင့်အတူ
ထုလုပ်ရေးဆွဲကြသည်။ မည်သို့ပင်ဖြစ်စေ ကုသိုလ်ပွားရန် သမာဓိရရန်အတွက် ကြိယာတန်ဆာဖြစ်သော
စိပ်ပုတီးကို လောဘအတ္တနှင့် ယှဉ်၍အသုံးချခြင်းသည်ကား မသင့်လျှော်ပေ။
(မန်း..သာသနာ့တက္ကသိုလ်တုန်းက ပို့ချချက်)
No comments:
Post a Comment