အချို့သောသူတို့သည် ရတနာမြတ်သုံး၏
ဂုဏ်တော်များနှင့် ဘုရားရှင်ဟောကြားခဲ့သော တရားတော်များကို ရွက်ဆိုပူဇော်ကြရာ၌ ရှေ့မှ
ဥုံ ခံ၍ မန္တန်များသဖွယ် လွဲမှားစွာ ရွက်ဆိုနေကြသည်ကို တွေ့ရသည်။ သရဏဂုံစသော တရားတော်များကို
ဥုံ ခံ၍ ရွက်ဆိုလျှင် တန်ခိုးသိဒ္ဓိပြီးမြောက်သည်ဟု တချို့က ပြောကြသေး၏။သို့သော်လည်း
ယင်း ဥုံ ထည့်၍ ရွက်ဆိုမှုသည် ဘုရားဟောပိဋကတ်တော်၌ ပါမပါကိုကား မသိကြချေ။
ဥုံ ဆိုသည်မှာ ဗုဒ္ဓပိဋကတ်စာပေ ပါဠိအသုံးမဟုတ်ပေ။ ဗုဒ္ဓ၀ါဒလည်း
မဟုတ်ပေ။ ဟိန္ဒူဝါဒမှ ဆင်းသက်လာသော စကားဖြစ်သည်။ ဟိန္ဒူဘာသာ၌ ဥုံသည် မန္တန် မန္တရားတို့ကို
ရွက်ဆိုရာတွင် အရေးကြီးဆုံး အဓိကအချက်ဖြစ်သည်။ ဖန်ဆင်းရှင်ကို ယုံကြည်လက်ခံသော ဟိန္ဒူဘာသာ၌….
၁။ လောကကို ဖန်ဆင်းသည်ဟု
ယူဆသော ဗြဟ္မာကို ဟောသည့် ဗြဟ္မပုဒ်မှ နောက်ဆုံး ..အ..သရ
၂။ လောကကို ထိန်းသိမ်းစောင့်ရှောက်တတ်သည်ဟု
ယူဆသော ဗိဿဏိုးကို ဟောသည့် ဗိသျှဏုပုဒ်မှ နောက်ဆုံး ..ဥ..သရ
၃။ လောက၌ မကောင်းမှုမှန်သမျှကို
ဖျက်ဆီးတတ်သည်ဟု ယူဆသော သီဝနတ်မင်းကိုဟောသည့် သျှီဗမ်ပုဒ်မှ နောက်ဆုံး …အမ်….ဤသုံးမျိုးလုံးကို
ပေါင်း၍ ရွက်ဆိုသောအခါ (အ+ဥ+အမ်-အုမ်-ဥုံ)ဟုဖြစ်လာပါသည်။
သို့ဖြစ်၍ ..ဥုံ..ဟူသော အသုံးအနှုန်းသည် ဗုဒ္ဓ၀ါဒီများနှင့်
မဆိုင်ဘဲ ဖန်ဆင်းရှင် ရှိသည်ဟု ယုံကြည်ယူဆကြသည့် ဟိန္ဒူဗြဟ္မဏဘာသာ၌လာသော နတ်မင်းကြီးသုံးပါးကို
တိုင်တည်၍ ရွက်ဆိုသော စကားအသုံးအနှုန်းသာဖြစ်သည်။
မာန်လည်ဆရာတော် ဘုရားကြီးကလဲ ယင်းသို့ရွက်ဆိုယုံကြည်မှုမျိုးသည်
ကံ.ဥာဏ်.၀ိရိယတို့၏ အစွမ်းကို နားမလည်သော လူ့ဗာလတို့၏ အယူအဆသာဖြစ်ကြောင်းကို မဃဒေ၀လင်္ကာ၌….
…အန္ဓဗာလ၊ လူထိုမျှတို့၊ ကမ္မ၀ီရိယ၊ မယုံကြဘူး၊ သီဝမဟေ၊ ပရမေသူရာ၊
ဗြဟ္မာဗိဿနိုး၊ ကမ္ဘာစိုးနှင့်၊ တန်ခိုးကြီးမား၊ နတ်ဘုရားတို့၊ ပေးစားဖန်ဆင်း၊ ဖြစ်တုံလျှင်းဟု၊
ချွတ်ယွင်းသမှု၊ အမှားရှုသည်၊ တောင်သူ့ယူလေ့ ယူလာတည်း….ဟု စပ်ဆိုဆုံးမခဲ့သည်။
No comments:
Post a Comment