ဆင်ခြင်တွေးခေါ်တတ်ပြီး အသိဉာဏ်ရှိသည့် ကမ္ဘာ့လူသားတို့အား
ကာလအရှည်ဆုံး စိန်ခေါ်ခဲ့သော ဘ၀ပြဿနာတစ်ရပ်မှာ တမလွန်ဘ၀ (နောက်ဘ၀)ပြဿနာပင် ဖြစ်လေသည်။ “လူသား တို့သည် သေသည်၏အခြားမဲ့၌ တစ်ဖန်ဘ၀သစ် ဖြစ်ရဦးမည်လော။ သို့မဟုတ် လူသားတို့သည်
သေပြီးသည့်နောက် ဘ၀သစ်တစ်ဖန် မဖြစ်တော့ဘဲ ဘ၀ပြတ်စဲသွားမည်လော”စသည်ဖြင့်
တမလွန်ဘ၀နှင့် ပတ်သက်၍ စဉ်းစားတွေးခေါ်ခဲ့ကြ၏။
အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ ဟိန္ဒူဘာသာ၊
ဗုဒ္ဓဘာသာစသော ကမ္ဘာ့ဘာသာကြီး အားလုံးလိုလိုပင် “လူသေလျှင်ပြတ်သည်”ဟူသော
အဆိုကို လက်မခံကြပေ။ လူသည် သေပြီးနောက် တစ်စုံတစ်ခုဖြစ်ရဦးမည်ဟူ၍ကား ကမ္ဘာ့ဘာသာကြီးများက
သဘောတူ လက်ခံကြသည်။ တစ်စုံတစ်ခု ဖြစ်ပုံဖြစ်နည်းတွင်သာ ကွဲလွဲမှုရှိကြပါသည်။ ခရစ်ယာန်ဘာသာနှင့်
အစ္စလာမ်ဘာသာများအရ လူသေသောအခါ ၀ိညာဉ်သည် မသေဘဲ ကျန်ရစ်နေ၏။ ၎င်းင်းဝိညာဉ်များသည် ဘုရားသခင်၏
နောက်ဆုံး တရားစီရင်သောနေ့တွင် အသီးသီးလာရောက်၍ အစစ်အဆေးခံကြရမည်ဖြစ်၏။ ၎င်းင်းတို့အား
ဘုရားသခင်က စစ်ဆေး၍ မိမိတို့ပြုလုပ်ခဲ့သော ကောင်းမှု၊ မကောင်းမှုအလိုက် ထာဝရသုခ (ကောင်းကင်ဘုံ)သို့လည်းကောင်း၊
ထာဝရဒုက္ခ (ငရဲဘုံ)သို့လည်းကောင်း အသီးသီး ပို့ဆောင်ပေးမည်ဟု ယင်းဘာသာဝင်များက လက်ခံယုံကြည်ကြပါသည်။
ဟိန္ဒူဘာသာအရ
တမလွန်ဘ၀ဖြစ်ပုံ
ဟိန္ဒူဝါဒအရ ကမ္ဘာလောကကြီးနှင့်တကွ သတ္တ၀ါအားလုံးတို့ကို
မဟာဗြဟ္မာကြီးက ဖန်ဆင်းပြီး သတ္တ၀ါအသီးသီးတို့၏ ခန္ဓာကိုယ်ထဲ၌ အတ္တလေးတစ်ခုစီကို ထည့်ပေးလိုက်၏။
ယင်းအတ္တလေးရှိမှသာ သတ္တ၀ါတို့သည် အသက်ရှင်ပြီး သွားလာလှုပ်ရှားနေနိုင်၏။ ၎င်းင်းအတ္တကို ဇီဝအတ္တဟုခေါ်ပြီး
မည်သည့်အခါမျှ မပျက်စီးနိုင်ပေဟုလည်း ယူဆကြသည်။ ထို့ကြောင့် ဟိန္ဒူဝါဒအရ ဤကမ္ဘာကြီးအပါအ၀င်
သက်ရှိသက်မဲ့အရာအားလုံးသည် ဖြစ်ပျက်ပြောင်းလဲမှု စက်ဝိုင်းအတွင်းမှ သမုတိသစ္စာများသာဖြစ်သည်။
အမှန်စင်စစ် ပရမတ္ထအားဖြင့် အနှစ်အသား ခိုင်မာစွာ ထာဝရတည်ရှိသည့် အရာမှာ “ပရမတ္တမ”ခေါ်
ထာဝရဘုရားနှင့် ထိုထာဝရဘုရားရှင် ဖန်ဆင်းသည့် သတ္တ၀ါတို့၏ ခန္ဓာကိုယ်အတွင်းမှ အတ္တ(အတ္တမ)များသာဖြစ်သည်။
စင်စစ် အတ္တသည် ထာဝရဘုရား၏ အစိတ်အပိုင်းဖြစ်သဖြင့် အမှန်ရှိခြင်း၊ သိတတ်ခြင်း၊ လွတ်လပ်ခြင်းဂုဏ်သတ်္တိများနှင့်
ပြည့်စုံသည်။
သို့သော်လည်း ထိုအတ္တသည် ရုပ်ခန္ဓာနှင့် နှောင်ဖွဲ့မိပြီး
မောဟအ၀ိဇ္ဇာ၏ ဖုံးလွမ်းခြင်းကို ခံနေရသဖြင့် မိမိ၏ဘ၀မှန်ကို မသိမြင်ဘဲရှိနေသည်။ ထို့ကြောင့်ပင်
ရုပ်ခန္ဓာပျက်စီးသွားသောအခါ အတ္တသည် အခြားခန္ဓာအိမ်တစ်ခုသို့ ၀င်ပြီး သတ္တ၀ါအသစ် ပြန်လည်ဖြစ်ရသည်။
သတ္တ၀ါ အသီးသီးတွင်ရှိသည့် အတ္တမံခေါ်ဝိညာဉ်သည် မိမိတို့၏ကောင်းမှု၊ မကောင်းမှုအလိုက် လူ၊
နတ်၊ တိရိစ္ဆာန်ရုပ်ခန္ဓာအိမ် အမျိုးမျိုးထဲသို့ လှည့်ပြောင်းဝင်၍ ကောင်းကျိုးဆိုးကျိုးကို
ခံစားရသည်။
ဘ၀အမျိုးမျိုးတွင် ထိုအတ္တသည် မိမိ၏အညစ်အကြေးများ
ပပျောက်၍ လုံးဝသန့်ရှင်းဖြူစင်သည့် အဖြစ်သို့ ရောက်ရှိအောင် အဆင့်ဆင့် ကြိုးစားကျင့်ကြံအားထုတ်ရသည်။
ဤနည်းဖြင့် ရုပ်အနှောင်အဖွဲ့တွင် ချုပ်နှောင်မိနေသော အတ္တသည် ၀ိဇ္ဇာ(ဉာဏ်)အမြင်ရရှိလာပြီး
မိမိ၏ပင်ကိုယ်ဘ၀ကို သိမြင်လာသည်။ ထိုအခါ ရုပ်အနှောင်အဖွဲ့မှ လွတ်မြောက်၍ မောက္ခဟူသော
ထာဝရငြိမ်းချမ်းရေးကို ရရှိသွားသည်။ ထိုသို့ ထာဝရငြိမ်းချမ်းရေးကို ရရှိသွားခြင်းဟူသည်
မူလထာဝရ၀ိညာဉ် (ထာဝရဘုရား)နှင့် ပြန်လည်ပူးပေါင်းသွားခြင်းပင် ဖြစ်သည်။ ထိုမောက္ခသို့
မရောက်သေးသရွေ့ လူ၊ နတ်၊ တိရိစ္ဆာန်စသည့် သက်ရှိ သတ္တ၀ါတို့၏ အဖြစ်များတွင် စုန်ဆန်ကူးပြောင်းနေရသည်။
ဥပမာအားဖြင့် လူသားတို့တွင် ရှိသောအတ္တကို ဆိုပါအံ့။
၎င်းင်းအတ္တသည် ပဋိသန္ဓေ တည်စကတည်းက လူ၏ခန္ဓာကိုယ်တွင် တည်ရှိလာခဲ့ပြီး မည်သည့်အခါမျှ မပျက်စီးဘဲ
အမြဲတည် ရှိနေ၏။ ထိုလူသေသွားသောအခါ ၎င်းအတ္တသည် ထိုသေသွားသောလူ့ခန္ဓာကိုယ်မှ ထွက်သွားပြီး
နောက်ခန္ဓာကိုယ်တစ်ခုထဲသို့ ၀င်ပြီး နောက်တစ်ဘ၀ဖြစ်၏။ ထိုဘ၀တွင်လည်း ထိုလူသေသွား သောအခါ
နောက်ထပ် ခန္ဓာကိုယ်တစ်ခုထဲသို့ဝင်၍ နောက်ထပ်တစ်ဘ၀ဖြစ်ပြန်လေ၏။ ဤနည်းအားဖြင့် ၎င်းင်းအတ္တလေးသည်
ဘယ်သောအခါမှ မပျက်စီးဘဲ တစ်ဘ၀ပြီးတစ်ဘ၀ ကူသွားနေ၏။ ယင်းသဘောကို ဟိန္ဒူဗြဟ္မဏ၀ါဒအရ သံသရာဟု
ခေါ်၏။
နောက်ဆုံးတွင် ယောဂကမ္မဋ္ဌာန်းများ အားထုတ်သောအခါ
ယင်းအတ္တမှာ ကိလေသာ အညစ်အကြေးများ စင်ကြယ်သွားပြီး ဖြူစင်တောက်ပြောင် လာလေ၏။ ထိုအခါ နောက်ဘ၀မကူးတော့ဘဲ
“ပမရတ္တမ”ခေါ်သော
မဟာဗြဟ္မာကြီးနှင့် တစ်သားတည်း ပေါင်းစည်းမိသွားလေ၏။ ထိုအခါ အတ္တသည် သံသရာမှ လွတ်မြောက်သွား၏ဟု
ယူဆကြလေသည်။
ဂျိန်းဘာသာအရ တမလွန်ဘ၀ဖြစ်ပုံ
အိန်္ဒိယနိုင်ငံတွင် ပေါ်ထွန်းခဲ့သော ဟိန္ဒူဘာသာ၊
ဂျိန်းဘာသာ၊ ဗုဒ္ဓဘာသာတို့သည် တမလွန်ဘ၀နှင့် ကမ္မ၀ါဒကို လက်ခံသော ဘာသာကြီးများဖြစ်၏။
ထိုဘာသာကြီးသုံးခုအနက် ဖော်ပြပြီးသော ဟိန္ဒူဘာသာသည် ကမ္မ၀ါဒ၊ သံသရာဝါဒ၊ အတ္တ၀ိညာဉ်နှင့်
ဖန်ဆင်းရှင်ဝါဒကို လက်ခံသည်။ ယခုဖော်ပြမည့် ဂျိန်းဘာသာသည် ကမ္မ၀ါဒ၊ သံသရာဝါဒနှင့် အတ္တ၀ိညာဉ်ကို
လက်ခံသော်လည်း ဖန်ဆင်းရှင်ဝါဒကို လက်မခံပေ။ ဂျိန်းဘာသာ၏ ဦးဆောင်ပုဂ်္ဂိုလ်ကို “ဇိန”
သို့မဟုတ် “မဟာဝီရ”ဟု ခေါ်ကြသည်။ “ဇိန”ဟူသော ဝေါဟာရကိုပင် ခေတ်အလိုက်
“ဂျိန”(အိန်္ဒိယသံ)၊
“ဂျိန်း”ဟု
ခေါ်ကြသည်။ ယခုအခါ “ဂျိန်းဘာသာ”ဟု လူသိများကြသည်။
ဂျိန်းဘာသာအယူဝါဒတွင် အသက်ဇီဝ(အတ္တ)သည် လူနှင့်တိရိစ္ဆာန်များတွင်သာ
ရှိသည်မဟုတ်။ သစ်ပင်များနှင့် မြေ၊ လေ၊ ရေ၊ မီးဟူသော ဓာတ်ကြီးလေးပါးတို့တွင်လည်း အသက်ဇီဝရှိသည်ဟု
ယုံကြည် လက်ခံသည်။ ယင်းအတ္တ၏ မူလသဘာဝအရ ဖြူစင်သန့်ရှင်းသည့် ဂုဏ်သတ်္တိရှိသော်လည်း ပြုလုပ်အားထုတ်မှု(ကမ္မ)များကြောင့်
ညစ်နွမ်းရပြီး ဘ၀သစ်များ တစ်ခုပြီးတစ်ခု ဖြစ်နေရသည်။ ဤနည်းဖြင့် အတ္တသည် ကံကြောင့် ခန္ဓာကိုယ်တည်းဟူသော
လှောင်အိမ်အတွင်း၌ ချုပ်မိနေတော့သည်။ ဘ၀အဆက်ဆက် ကူးပြောင်းခြင်းဖြင့် သံသရာလည်နေစေရန်
အတ္တကိုကံက ဒဏ်ခတ်နေသည်။ ထို့ကြောင့် ဂျိန်းဘာသာဝင်များက ကံများကို ဒဏ်များဟု သတ်မှတ်ခေါ်ဝေါ်ကြသည်။
လောဘ၊ ဒေါသ၊ မာနနှင့် မာယာဟူသော ကိလေသာများသည် ရုပ်ခန္ဓာ၌ အတ္တချုပ်မိနေအောင် နှောင်ဖွဲ့ထားသောကံ၏
နှောင်ကြိုးများ ဖြစ်သည်ဟုဆိုသည်။
ဒဏ်ဟုခေါ်သော ကံများကြောင့် အတ္တသည် အရောင်အဆင်းအမျိုးမျိုးရှိနေရသည်။
အသွင်သဏ္ဍာန် အမျိုးမျိုးဖြစ်နေရသည်။ ၀ဋ်ဆင်းရဲမှ လွတ်မြောက်လိုလျှင် ကမ္မများကို သုတ်သင်
ချေမှုန်းရပေမည်။ ကမ္မများကို သုတ်သင်ချေမှုန်းရန် နည်းလမ်းမှာ ခန္ဓာကိုယ်ကို ပြင်းထန်စွာ
နှိပ်စက်ညှင်းဆဲ၍ကျင့်ခြင်း “
အတ္တကိလမထာနုယောဂ”ဟူသော အကျင့်ဖြစ်၏။ ထိုအကျင့်ကို
ကျင့်သုံးရာ၌ အသက်သေသည့်အထိ ပြင်းထန်စွာ ကျင့်လေကောင်းလေပင် ဖြစ်၏။
ဤသို့ကျင့်ခြင်းအားဖြင့် အတိတ်ကပြုကျင့်မိခဲ့သည့်
ကံများ(ဒဏ်များ) ကုန်ခမ်းသွားပြီး ကံအသစ်(ဒဏ်အသစ်)များလည်း မဖြစ်နိုင်တော့ပေ။ ထိုအတ္တကိလမထာနုယောဂအကျင့်ကို
ပြင်းထန်စွာ ကြိုးစားကျင့်ကြံခြင်းဖြင့် ဒဏ်များမှ ကင်းလွတ်သွားသောအခါ အတ္တသည် ပြိုးပြိုးပျက်ပျက်
အရောင်အ၀ါများ ထွက်လာသည်။ ထိုကဲ့သို့ အနှောင်အဖွဲ့မှ လွတ်မြောက် သွားသော အတ္တသည် ဇိနတို့
ပျော်စံရာ စကြ၀ဠာ၏ အခေါင်အဖျားသို့ ရောက်ရှိသွားတော့သည်။ ဤသို့ လွတ်မြောက်မှုကို “ဇိနမုတ်္တိ”ဟု
ခေါ်သည်။
ကမ္မများ(ဒဏ်များ)မကုန်သေးပါက
ဇိနမုတ်္တိမဖြစ်သေးပေ။ သံသရာမှ မလွတ်မြောက်နိုင်သေးပေ။ လူ၊ နတ်၊ တိရိစ္ဆာန်ဘ၀များတွင်
ကျင်လည်နေရသည်။ တစ်ဘ၀ပြီးတစ်ဘ၀ ကူးပြောင်းကာ ကမ္မများ(ဒဏ်များ)၏ ကောင်းကျိုးဆိုးကျိုးကို
ခံစားနေရလေသည်။
ဗုဒ္ဓဘာသာအရ
တမလွန်ဘ၀ဖြစ်ပုံ
အနတ္တ၀ါဒဖြစ်သော ဗုဒ္ဓဘာသာ အရမူ ကြောင်းကျိုးဆက်စပ်၍
ဖြစ်ပျက်နေသော ရုပ်နာမ်ဖြစ်စဉ်အပေါ်၌ အခြေခံလျက် နောက်ဘ၀ဖြစ်သည်ဟု ယုံကြည်ယူဆ၏။ ထို့ကြောင့်
ဗုဒ္ဓ၀ါဒအရ တမလွန်ဘ၀ဖြစ်ရန် အတ္တ, အသက်ဝိညာဉ်ရှိဖို့ရန် မလိုအပ်ပေ။ သတ္တ၀ါသေပြီးနောက်
ရှေးဘ၀၌ ဖြစ်ပေါ်ခဲ့သည့် အကြောင်း များကြောင့် နောက်ဘ၀၌ ရုပ်သစ်နာမ်သစ်အကျိုးအနေဖြင့်
ဖြစ်ပေါ်သည်ကို တမလွန်ဘ၀ဟု ခေါ်ဝေါ်ခြင်းသာဖြစ်၏။ ဟိန္ဒူတို့၏ အတ္တမံကို လည်းကောင်း၊ ခရစ်ယာန်တို့၏
ဆိုးလ်ခေါ် ၀ိညာဉ်ကိုလည်းကောင်း ဗုဒ္ဓ၀ါဒက လက်မခံပေ။ ဘ၀ကူးပြောင်းစရာ အစေ့၊ အဆန်၊ အနှစ်အသား၊
အထည်ဒြပ်၊ အသက်၊ လိပ်ပြာဟူ၍ မရှိကြောင်း လက်ခံကြပါသည်။ သေခါနီးသတ္တ၀ါသည် မိမိပြုခဲ့ဖူးသည့်
ကောင်းမှုကံ၊ မကောင်းမှုကံ တစ်ခုခုကိုဖြစ်စေ၊ ထိုကံကို ပြုလုပ်စဉ်က တွေ့ကြုံခဲ့ရသော အာရုံ(ကမ္မနိမိတ်)ကိုဖြစ်စေ၊
လားရောက်ရမည့် နောက်ဘ၀၏ အခြေအနေအမျိုးမျိုး(ဂတိနိမိတ်)ကိုဖြစ်စေ ထင်မြင် စွဲလမ်းလျက်ရှိနေသည်။
ထိုအာရုံများကို အလိုမရှိသော်လည်း ထိုအချိန်မျိုးတွင် ပယ်ဖျောက်၍ လည်းမရ။ ငြင်းပယ်၍လည်းမရပေ။
ယင်းသို့သော အာရုံနိမိတ်တစ်ခုခုကို စွဲလမ်းလျက်နှင့်ပင် နောက်ဆုံး စုတိစိတ်(သေစိတ်)ချုပ်ကာ
သေဆုံးသွားရသည်။
စုတိစိတ်(သေစိတ်)ပြတ်စဲသွားသည်နှင့် တစ်ပြိုင်နက်
သေခါနီးက စွဲလမ်းခဲ့သည့် အာရုံနိမိတ်ကိုပင် ဆက်လက်ထင်မြင်လျက် ဘ၀သစ်၌ စိတ်သစ်စတင်ဖြစ်ပေါ်လာရပါသည်။
သေသွားသည့်သတ္တ၀ါသည် ရုပ်နာမ်နှစ်ပါးလုံး ပျက်စိးသွားပါသော်လည်း သေခါနီးတွင် စွဲလမ်းခဲ့သော
ရှေးစိတ်တို့၏ စွမ်းအားအရှိန်အဟုန်ကြောင့် နောင်ဘ၀သစ်၌ စိတ်အသစ် ဆက်စပ်လျက် ဖြစ်သွားရပြန်ပါသည်။
ယင်းစိတ်ကို ရှေးဘ၀နှင့်နောက်ဘ၀ကို ဆက်စပ် ပေးသောကြောင့် ပဋိသန္ဓေစိတ်ဟု ခေါ်သည်။
ပဋိသန္ဓေစိတ်သည် ရုပ်ရှိသည့် ဘုံဌာနတွင်ဖြစ်မူ
ပဋိသန္ဓေစိတ်၏ တည်ရာမှီရာရုပ်များ (ကလာပ်စည်းများ)လည်း ကံစွမ်းအားကြောင့် ထိုပဋိသန္ဓေစိတ်နှင့်အတူ
တစ်ပါးတည်း ဖြစ်ပေါ်လာသည်။ ဤသို့ ပဋိသန္ဓေစိတ် ဖြစ်ပေါ်လာလျှင် နောက်ကာလများ၌ သိစရာ၊ ထိစရာ၊
ကြားစရာ၊ မြင်စရာများကို သိနိုင်၊ ထိနိုင်၊ ကြားနိုင်သော အာရုံသိအင်္ဂါများ ဖြစ်ပေါ်လာသည်။
ထို့နောင့် ထိုအင်္ဂါများ ဖွံ့ဖြိုးပြည့်စုံလာပြီး မြင်,ကြားစသည့် သိစိတ်အမျိုးမျိုးတို့သည်
အကြောင်းအားလျော်စွာ ဖြစ်ပေါ်လာကြသည်။